ရခိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရခိုင်အရေး ဆွေးနွေး

  • 1 ဩဂုတ် 2013
Image caption ရခိုင်ပြည်နယ်မှာ ၂၀၁၂ နှစ်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူတသိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ခေါင်းဆောင်တွေပါဝင်တဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ့နဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦရွှေမောင် အပါအဝင် ရိုဟင်ဂျာ မွတ်ဆလင်အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ အတူထိုင်ပြီး ပထမဆုံးအကြိမ် ရခိုင်အရေး ပြောဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိသျှအောက် လွှတ်တော် ဥက္ကဌ ဂျွန်ဘာကိုး နဲ့ ဒီကနေ့နေလည်က တွေ့ဆုံရာမှာ အခုလို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့တွေ့ဆုံရာမှာ ဂျွန်ဘာကိုးက ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ ဘယ်လို အကောင်းဆုံး အဖြေရှာနိုင်မလဲ ဆိုတဲ့ ကိစ္စ အပေါ် ရခိုင်နဲ့ မွတ်ဆလင် အဖွဲ့တွေဆီက အကြံဉာဏ်တွေကို မေးမြန်းခဲ့တာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှုးဦးဦးစောလှက ပြောပါတယ်။

နှစ်ဘက် ပြောကြားချက်တွေအနက် တကယ်ပြသနာတွေကို ဖြေရှင်းဖို့အတွက် အငြင်းပွားစရာ ကိစ္စတွေကို မေ့ထားပြီး လောလောဆယ် ဒုက္ခရောက်နေသူတွေ အတွက် လုပ်ငန်းတွေ လုပ်ကြမယ်ဆိုတဲ့ အပိုင်းကို သူတို့ သဘောတူကြတယ်လို့ ဦးဦးလှစောက ပြောပါတယ်။

ဂျွန်ဘာကိုးက နှစ်ဘက်အယူအဆတွေကို နားထောင်ခဲ့ပြီး နှစ်ဘက်ကြား ကြားဝင်စေ့စပ်ညှိနှိုင်းပေးမယ့် တတိယအဖွဲ့တခုများ လိုမလားလို့ မေးမြန်းခဲ့ရာမှာ မွတ်ဆလင်တွေအဖွဲ့က လိုမယ်လို့ ပြောခဲ့ပြီး ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်အမတ် ဦးရွှေမောင်ကတော့ ဒါဟာ နိုင်ငံတော်က အဓိကထာ စဉ်းစားရမှာလို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တတိယ အဖွဲ့ဟာ ဝင်ရောက်စွက်ဖက်တဲ့ အဖွဲ့မျိုး မဖြစ်သင့်ဘဲ မျှမျှတတသဘောထားရှိသူတွေပါဝင်တဲ့ အဖွဲ့မျိုး ဖြစ်သင့်ကြောင်း ဒါပေမယ့် အဓိကကတော့ ဒီလိုအဖွဲ့မျိုး လိုမလို နိုင်ငံတော်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှုးဦးဦးစောလှက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ