၈၈ လေးလုံး ငွေရတု ဗကသ တက်ရောက်မှာ မဟုတ်

  • 2 ဩဂုတ် 2013
Image caption ဖြိုခွဲ မခံရခင် ကျောင်းသား သမဂ္ဂ အဆောက်အဦ

လာမယ့် သြဂုတ်လ ၆ ရက် နေ့ကနေ ၈ ရက်နေ့ အထိ ရန်ကုန်မြို့မှာ ကျင်းပမယ့် ၈ လေးလုံး ငွေရတု အခမ်းအနားပွဲကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် ဗကသ က တက်ရောက်မှာ မဟုတ်ကြောင်း အခမ်းအနား ကျင်းပရေး လုပ်ငန်း ကော်မတီ ကနေလည်း နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အခုလို နုတ်ထွက်ရတာဟာ စစ်အာဏာရှင် စနစ်က ပေါက်ဖွားလာတဲ့ အစိုးရ အဖွဲ့ဝင် တွေကို ဖိတ်ကြားတဲ့ အတွက် မတက်ရောက်တာလို့ ဗကသ ဗဟို လုပ်ငန်း ကော်မတီ ဥက္ကဌ ကိုကျော်ကိုကို က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ အဖွဲ့ဝင်တွေက တက်ရောက် စကားပြောမှာ ဖြစ်တယ်လို့လည်း သိရကြောင်း သူက ဆိုပါတယ်။

ပွဲကျင်းပတဲ့ အနေအထားမှာ အစိုးရ အဖွဲ့ကို ဖိတ်ကြားတဲ့ အဆင့်တောင် လက်မခံနိုင်ဘူးလို့ သူက ပြောပါတယ်။

၈၈ မှာ လူထုကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ဒါတွေကို တာဝန်မယူတဲ့ စစ်အစိုးရက ဆင်းသက်လာတဲ့ အစိုးရကို မဖိတ်သင့်ဘူးလို့ ယူဆတာကြောင့် အခမ်းအနား ကျင်းပရေးရာ ကော်မတီမှာ ပူးပေါင်းမှာလည်း မဟုတ် ဒီပွဲကို တက်မှာလည်း မဟုတ်ဘူးလို့ သဘောထား ပေးရတာ ဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အခုလို အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်နေချိန်မှာ ဘာကြောင့် လက်မခံရတာလဲ ဆိုတဲ့ အမေးကိုတော့ သူက ပြန်လည် ဖြေကြားရာမှာ နံပါတ်တစ် အချက် အနေနဲ့ ၈၈ အထိမ်းအမှတ် နေ့ထူး နေ့မြတ် ဟာ ပြည်သူ့အောင်ပွဲ ဖြစ်တာကြောင့် ဒါတွေကို ညစ်နွမ်းသူတွေ တက်ရောက် အရောင်ဆိုးတာ မခံနိုင်ဘူးလို့ သူက ပြန်လည် ဖြေကြား ခဲ့ပါတယ်။

နံပါတ်နှစ် အနေနဲ့က အမျိုးသား ပြန်လည် သင့်မြတ်ရေးကို သူတို့ အနေနဲ့ နည်းလမ်း တခု အနေနဲ့ လက်ခံ ပေမယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး က ပြည်သူလိုလားတဲ့ စစ်အာဏာရှင် အလုံးစုံ ဖျက်သိမ်းရေး ဆိုတဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်ဖို့ သုံးနဲ့နည်းလမ်း တခုသာ ဖြစ်ရမယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးကို ချန်ထားလို့ ရတဲ့ အချိန်မဟုတ်ဘူးလို့ သူက ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ စစ်အာဏာရှင် ဆက်လက် သက်စိုး ရှည်နေတဲ့ အတွက် နှစ်ဖက် လက်ကမ်းကြိုတာကို လက်မခံဘူးလို့ သူက ဆိုပါတယ်။

ဒါဟာ ဒီမိုကရေစီ အင်အားစုတွေကြား အဖွဲ့ကွဲတာ မဟုတ်ဘဲ အစိုးရရဲ့ ဒီမိုကရေစီကို လက်ခံမှု အတိုင်းအတာ ဘယ်လောက်ရှိသလဲ ဆိုတာကို ပြန်လည် သုံးသပ်ရမယ့် အချိန်ရောက်ပြီလို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် စံနစ်ကို ပြန်လည် ပူးပေါင်းမယ့် သူတွေနဲ့ ပေါင်းစည်းမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။