အလုပ်လုပ်ခွင့် သက်တမ်းကုန် မြန်မာ အလုပ်သမားအရေး နှစ်ဘက်ညှိနေ

  • 2 ဩဂုတ် 2013
Image caption ထိုင်းရောက်မြန်မာအလုပ်သမားတွေ

ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄ သိန်းကျော်ဟာ အလုပ်လုပ်ခွင့် ဗီဇာ သက်တမ်း ၄ နှစ်ပြည့်သွားပြီဖြစ်လို့ မြန်မာနိုင်ငံကို ပြန်ရမယ့် အခြေအနေမျိုးရောက်နေပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ၄ နှစ်ပဲပေးမယ် ပြီးရင် မြန်မာနိုင်ငံကို ၁ လပြန်ရမယ်လို့ ထိုင်းက ချမှတ်ထားတဲ့ စည်းကမ်းကြောင့် အလုပ်သမား တွေရော အလုပ်ရှင်တွေရော အခက်အခဲတွေ တွေ့နေရပါတယ်။

အခုတော့ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာဘက်က ပတ်စ်ပို့ အသစ်ထုတ်ပေးပြီး လူသစ်ပုံစံမျိုးနဲ့ အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအလုပ် သမားဝန်ကြီးဌာနက စဉ်းစားနေသလို

ဒီလို လုပ်နိုင်ဖို့ ထိုင်းနဲ့မြန်မာအလုပ်သမားဝန်ကြီးဌာနတွေကြားမှာ လည်း ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ဘန်ကောက်က သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

ဒီနည်းလမ်းကို နှစ်ဘက်သဘောတူရင် ဗီဇာ ၄ နှစ်ပြည့်ပြီးသူ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ပြန်စရာမလိုဘဲ ဆက်အလုပ်လုပ်နိုင်ကြမှာ ဖြစ်ပြီး အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမားအသစ်ရှာရတဲ့ အခက်အခဲ ပြေလည်သွားစေမှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်ကတော့ အလုပ်သမား အသစ်တွေအတိုင်း တရားဝင်ကတော့ ဘတ် ၇ ထောင် လောက်ကုန်ကျမှာဖြစ်ပါတယ်။

အလုပ်လုပ်ခွင့် သက်တမ်းကုန်နေပြီဖြစ်တဲ့ အလုပ်သမားတွေအရေးနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက မကြာခင်ထုတ်ပြန်ကြေညာမယ်လို့ ထိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။