မြန်မာ လူကုန်ကူး ခေါင်းဆောင်ကို ထိုင်းမှာ ဖမ်းမိ

  • 2 ဩဂုတ် 2013
Fishing Boats
Image caption ငါးဖမ်း လှေတွေပေါ်မှာ ရေလုပ်သား တွေကို ရောင်းစားခဲ့

ထိုင်းနိုင်ငံ အတွင်းမှာ လှုပ်ရှား နေတဲ့ လူကုန်ကူး ဂိုဏ်ခေါင်းဆောင် ကိုမျိုးကို ဘန်ကောက် မြန်မာ သံရုံး အလုပ်သမား ညွှန်ကြား ရေးမှူးနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ ပါတယ်။

အသက် ၄၂ နှစ် အရွယ် ပဲခူးတိုင်း ဇာတိ ဖြစ်တဲ့ လူကုန်ကူး ခေါင်းဆောင် ကိုမျိုးဟာ မြန်မာ လုပ်သား ၆၀၀ ကျော်ကို ကော့သောင် ကနေ တဆင့် ထိုင်းနိုင်ငံကို ခေါ်လာပြီး လှေပေါ်မှာ ရောင်းစား ခဲ့တယ်လို့ ဘန်ကောက်က မြန်မာ သံရုံး အလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါတင်မက မြန်မာ အမျိုးသမီး တွေကို အဓမ္မ ပြုကျင့်မှု၊ သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘေးဝန်းကျင်က မြန်မာ တွေရဲ့ ပြန်ပြောပြချက်အရ သူ သတ်ဖြတ်ခဲ့သူ လူပေါင်း ၄၀ကျော် ရှိတယ်လို့ လည်း ဦးနိုင်ထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက တိုင်ကြား ထားသူ၊ ရောင်းစား ခံရသူ၊ နှိပ်စက် ခံရသူ တွေရဲ့ အချက်လက် စုဆောင်းထားပြီး ထိုင်အာဏာပိုင် တွေကို တင်ပြ ထားခဲ့ပြီးတဲ့နောက် သဲလွန်စ ရခဲ့ပြီး ကိုမျိုးရဲ့ တပည့် တစ်ယောက်ကို ကိုဖမ်းဆီး နိုင်ရာက ကိုမျိုးကိုပါ ဆက်လက် ဖမ်းဆီး နိုင်ခဲ့တာလို့ သူက ဆက် ပြောပါတယ်။

ရာဘာတော ထဲမှာ ပုန်းအောင်း နေတယ်လို့ သတင်းရတဲ့ အတွက် လူကုန်ကူးသူ ကိုမျိုးကို ထိုင်းနယ်မြေခံရဲနဲ့ ထောက်လှမ်းရေး အပါ အဝင် လုံခြုံရေး အဖွဲ့တွေ စုပေါင်းပြီး ကြာသပတေးနေ့က စူလပ် မြို့မှာ ဖမ်းဆီးခဲ့ ပါတယ်။

သူကိုယ်တိုင်ကလည်း လက်နက် ကိုင်ဆောင်ထားတာ ဖြစ်တဲ့ အတွက် လုံခြုံရေးတွေ ဘက်က လက်ဦးမှု ရယူပြီး ပစ်ခတ် ဖမ်းခဲ့တယ်လို့ မြန်မာ သံရုံး အလုပ်သမား ညွန်ကြားရေးမှူက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ရတဲ့ ဒဏ်ရာကြောင့် ကိုမျိုးကို ဆေးရုံတင်ထား ပါတယ်။

ဖမ်းမိသူ ကိုမျိုးကို မြန်မာ နိုင်ငံဘက် ပြန်မအပ် သေးဘဲ ထိုင်းနိုင်ငံမှာ စစ်ဆေး မေးမြန်းပြီး သက်သေ ထွက်ဆိုချက်တွေ ရယူမယ်လို့ ဆိုရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ