အသင်းအဖွဲ့များ ဥပဒေ မူကြမ်းအပေါ် အရပ်ဘက်အဖွဲ့တွေ တုန့်ပြန်

  • 4 ဩဂုတ် 2013
Image caption အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ ပြည်သူလူထု ပူးပေါင်း ပါဝင် ရေးဆွဲတဲ့ ဥပဒေမူကြမ်း ဖြစ်သင့်တယ်လို့ ဆို

မြန်မာနိုင်ငံမှာ ပြည်သူ့ လွှတ်တော် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ကော်မီတီက အဆိုပြုထားတဲ့ အသင်း အဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက တောင်းဆိုထားကြောင်း တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ရှင်းလင်း ပြောပြခဲ့ပါတယ်။

အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်သူများ သိရှိ လေ့လာ အကြံပြုရန် ဆိုပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မီတီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ရက်နေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ထုတ်ပြန် ကြေညာခဲ့အပြီးမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ဒီဥပဒေကြမ်း အပေါ် ဘယ်လို သဘောထား ရှိသလဲ ဆိုတာကို အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပပြီး သဘောထား ကောက်ယူခဲ့ရာမှာ ဒီဥပဒေကြမ်း အပေါ် လက်မခံ ကြတာတွေ့ ရတယ်လို့ ဖွဲ့ဖြိုးရေး မဏ္ဍိုင် အဖွဲ့ရဲ့ အစီအစဉ် ညွှန်ကြားရေးမှူး ကိုလှိုင်မြတ်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်း လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့် ရှိတယ် ဆိုတဲ့ အချက်ကို ဒီဥပဒေကြမ်းနဲ့ ပြန်ထိန်းချုပ်လိုတဲ့ သဘောမျိုး တွေ့ရသလို ပြည်ထဲရေး ဝန်ကြီး ဌာနက ဦးဆောင် ဖွဲ့စည်းတဲ့ ဗဟို အဖွဲ့ကို လျှောက်ထားပြီးမှသာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ရှိမယ့် အခြေအနေမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ အကြံပြုနိုင်တယ် ဆိုလို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မီတီနဲ့ သွားတွေ့ဆုံပြီး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သဘောထား ရပ်တည်ချက်ကို ပြောပြခဲ့ရာမှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြင်ဆင်လိုတာ၊ ဖြည့်စွက်လိုတာတွေကို အချိန်တိုအတွင်း ပြန်လည် အကြောင်းကြားဖို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မီတီက ပြောခဲ့ကြောင်း၊ ဒါပေမယ့်လည်း အရပ်ဘက် အဖွဲ့အစည်းတွေဟာ ကျယ်ပြန့်ပြီး ကဏ္ဍ စုံတဲ့အတွက် အားလုံးရဲ့ သဘောထားကို ချက်ချင်း ရဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း၊ ဒါ့ကြောင့် လောလောဆယ် ဒီ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့တာ ဖြစ်ကြောင်း ကိုလှိုင်မြတ်က ပြောပါတယ်။

အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေ မူကြမ်းတခုကို ရေးဆွဲရာမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ရေးဆွဲဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။