လယ်ယာမြေ ခန့်ခွဲရေး အဖွဲ့တွေကို မယုံကြည်

  • 5 ဩဂုတ် 2013
farmer
Image caption မြေပြန်ရရေး ပြေစာတွေ ပြပေမယ့် မပြေလည်

အောက်ခြေက လယ်ယာမြေ စီမံ ခန့်ခွဲရေး အဖွဲ့တွေကို အယုံအကြည် မရှိကြောင်းနဲ့ အသိမ်းခံ လယ်တွေ အမြန်ဆုံး ပြန်ရဖို့ ဧရာဝတီတိုင်း ၅ မြို့နယ်က တောင်သူ ကိုယ်စားလှယ် တွေ ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ယက်ရုံးမှာ တွေ့ဆုံ ခဲ့ပါတယ်။

အခု တောင်းဆိုတဲ့ လယ်မြေ တွေက ဒေသ အာဏာပိုင်တွေ သိမ်းထားတဲ့ မြေတွေ လို့ ဘိုကလေး၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ် နဲ့ မအူပင် မြို့နယ်က တောင်သူ တွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ပါတယ်။

အသိမ်းခံ မြေတွေပြန်ရဖို့ ကျေးရွာနဲ့ မြို့နယ်အဆင့် မြေယာ စီမံ ခန့်ခွဲရေး ကော်မတီ တွေက တရား မျှတအောင် ဖြေရှင်း မပေးတဲ့ အတွက် သတင်းစာ ရှင်းလင်းပွဲ လုပ်ရ တာ လို့ မော်လမြိုင်ကျွန်း တောင်သူ ကိုယ်စားလှယ် တဦး ဖြစ်တဲ့ ဦးမောင်မောင်အေးက ပြောပါတယ်။

အုပ်ချုပ် ရေးမှူး၊ မြေတိုင်း စာရေးနဲ့ အာဏာပိုင်တွေ ခန့်ထားတဲ့ လယ်သမား ကိုယ်စားလှယ် တွေ ပါတဲ့ ၅ ဦး ကော်မတီ တွေဟာ အစဉ်အဆက် အာဏာပိုင် တွေက ခန့်ထား ခဲ့တဲ့ သူတို့ လူယုံတွေ ပဲမို့ လယ်သမား တွေက မယုံကြည် ဘူးလို့လည်း ဆိုပါတယ်။

အစိုးရက စစ်တပ်နဲ့ ကုမ္ပဏီ တွေ သိမ်းထားတဲ့ လယ်တွေ ပြန်ပေးမယ် ဆိုပေမယ့် လယ်မြေ အငြင်းပွား မှုတွေကို အောက်ခြေမှာ ၅ ဦး ကော်မတီက ပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အမှု တခုမှာ လယ်သမားက ၁၉၅၂ ခုနှစ်က လယ်သိမ်း ခံရတဲ့ ၂ဝဝ၇-၈ ထိ သိမ်းလာ ခဲ့တဲ့ ပြေစာတွေ ပြပေမယ့် မြို့နယ်က မြေလွတ် မြေရိုင်းလို့ ဆုံးဖြတ်ပြီး စစ်ဗိုလ် တွေကို ချပေး ခဲ့တယ်လို့ သိရပါတယ်။

သူတို့ တောင်းဆိုချက် ကို လွှတ်တော်ပို့ပြီး တလ စောင့်ကြည့်မယ် ၊ မထူးခြားရင် ဆန္ဒပြမယ် လို့လည်း ပြောပါတယ်။

မြေတွေ ပြန်ရရေး ထွန်တုံးတိုက်ပွဲ လုပ်ခဲ့လို့ တရားစွဲ ခံထားရသူ မော်လမြိုင်ကျွန်း မြို့နယ် တခုထဲမှာ ၃ဝ လောက် ရှိပြီး တခြား မြို့နယ်တွေမှာ ၁ဝဝ လောက် ရှိမယ်လို့ တောင်သူ ကိုယ်စားလှယ် ဦးမောင်မောင်အေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ