အင်ဒိုနီးရှားက ဗုဒ္ဓဘာသာကျောင်း တိုက်ခိုက် ခံရ

  • 5 ဩဂုတ် 2013
Ekayana Buddhist Centre in Jakarta
Image caption ဗုဒ္ဓ ဘာသာကျောင်း တိုက်ခိုက် ခံရမှုအတွက် အဖမ်းအဆီး မရှိသေး

အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော် က ဗုဒ္ဓဘာသာ စေတီ တဆူမှာ တနင်္ဂနွေ နေ့က ဝတ်ပြု ချိန်မှာ အသေးစား ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ပါတယ်။

ဘောစိတွေ သံခေျာင်းတွေနဲ့ လုပ်ထားတဲ့ အင်အား သိပ်မပြင်းတဲ့ ဗုံးကြောင့် ဒဏ်ရာရသူ သုံးယောက် ရှိခဲ့ပြီး အနည်းငယ် ထိခိုက်ခဲ့ ပေမဲ့ ပျက်စီး ဆုံးရှုံးမှု မရှိဘူးလို့ အဲဒီကို ကိုယ်တိုင် သွားရောက်ခဲ့သူ ဂျာကာတာ မြို့တော်က နာဂ ဂျုန Nagajuna ဗုဒ္ဓ သုတေသန ဌာန အတွင်းရေးမှူး Ecko Nugroho အက်ကို နူဂရိုက ဘီဘီစီကို ပြောပါတယ်။

ဧကာ ယန ဗုဒ္ဓဘာသာ ကျောင်းတိုက်ရဲ့ ဝတ်ပြုရာ နေရာ အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာ လို့လည်း သူက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်အပြီး လုံခြုံရေး တွေက ရှာဖွေ စစ်ဆေးမှုတွေ လုပ်ရာမှာ မပေါက်ကွဲ သေးတဲ့ ဗုံး နှစ်လုံး ရှာဖွေ တွေ့ရှိခဲ့ ပြီး စနက်တံ ဖြုတ်နိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် လူသွားလူလာကိုလည်း ကန့်သတ်မထားတော့ဘူးလို့ သူက ပြော ပါတယ်။

အခု အချိန် အထိတော့ ဖမ်းဆီးမှု မရှိသေး ပါဘူး။

ဗုံးပေါက်ကွဲမှု အတွက် စုံစမ်း စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့က သူတို့ စုံစမ်း စစ်ဆေးရာမှာ message တစ်ခု တွေ့ခဲ့ကြောင်း ဧကာယန ဗုဒ္ဓဘာသာ ကျောင်းတိုက်ကို လာရောက် စစ်ဆေးတဲ့ သာသနာရေး ဝန်ကြီးကို ပြောပြ တယ်လို့ အက်ကို နူဂရိုက ပြောပါတယ်။

အဲဒါကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘာသာရေး ပဋိ ပက္ခ တွေကို လက်စား ချေတဲ့ အနေနဲ့ အခုလို လုပ်တာလို့ ရေးထားကြောင်း လည်း သူက ပြောပါတယ်။

ဒါသာ တကယ် မှန်ရင်တော့ အင်ဒို နီးရှားက မွတ်ဆလင် အများစုရဲ့ ဆန္ဒ မဖြစ်နိုင်ဘဲ သိပ်ကို အင်အား သေးငယ်တဲ့ အစွန်းရောက် အုပ်စုရဲ့ လက်ချက်သာ ဖြစ်လိမ့်မယ်လို့ အက်ကို နူဂရိုက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ