၈လေးလုံး ငွေရတုကို မြန်မာပြည်တဝန်း ကျင်းပခဲ့ကြ

  • 8 ဩဂုတ် 2013
Image caption ၁၉၈၈ ခုနှစ် ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ ရသူတွေ အတွက် အောက်မေ့ဘွယ် အခမ်းအနားတွေကို မြန်မာပြည်တဝန်း ကျင်းပခဲ့

ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ သလို အထက်မြန်မာပြည် မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တွေ မှာလည်း ကျင်းပ ခဲ့ကြပါတယ်။

မန္တလေးမြို့မှာတော့ ၁၉၈၈ခုနှစ် ဆန္ဒပြမှုတွေ အတွင်း သေဆုံးသွားတဲ့ ရဟန်း ရှင်လူ ကျောင်းသား ပြည်သူ တွေ အတွက် ဓမ္မပါလ ခမ်းမမှာ မနက် အစောပိုင်းက သံဃာ အပါး တစ်ထောင်ကို အာရုံဆွမ်း လောင်းလှူ သလို မန္တလေး လေးပြင်လေးရပ်က ဆရာတော် သမားတော် ၈၈ပါးကို ဆွမ်းကပ် လှူဒန်းခဲ့ကြပါတယ်။

ဆွမ်းကပ် လှူပွဲ အပြီးမှာတော့ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြီး ၁၉၈၈ ခုနှစ် ဆန္ဒပြမှုတွေမှာ လူထုကို ဦးဆောင် လှုပ်ရှားခဲ့တဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောခဲ့ကြပါတယ်။

ဒီထဲမှာ ၈၈ ဆန္ဒပြမှုတွေအတွင်း မန္တလေးမှာ ဂဠုန်နီ သပိတ် ခေါင်းဆောင်လို့ နာမည်ကြီးခဲ့တဲ့ ဆရာတော် ဦးကာဝိယလည်း ပါဝင်ပါတယ်။

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာ အပါအဝင် အဖွဲ့အစည်း အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

ဒီလိုအလားတူ အခမ်းအနားကို စစ်ကိုင်းတိုင်း မုံရွာနဲ့ ကလေးမြို့တွေမှာလည်း လုပ်ခဲ့ပါတယ်။

မကွေးတိုင်း မကွေးမြို့နဲ့ ပခုက္ကူမြို့တွေမှာလည်း မြို့ခံ သံဃာတော်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ စုပေါင်းပြီး ငွေရတု အခမ်းအနားတွေကို ကျင်းပခဲ့ကြ ပါတယ်။

ရေနံချောင်းမြို့မှာတော့ ၈၈ ကာလက သပိတ်မှောက်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်တွေ အတွက် ဂုဏ်ပြုလက်မှတ် ချီးမြှင့်တာကို အိမ်မှာ မချိတ်ဖို့ အာဏာပိုင်တွေက လိုက်လံ တားမြစ်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။

အလားတူပွဲတွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့နဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ တွေမှာလည်း ကျင်းပခဲ့ပါတယ်။