မောင်ဝံသ ကွယ်လွန်

  • 11 ဩဂုတ် 2013
wuntha
Image caption သတင်းစာဆရာ မောင်ဝံသ

သတင်းစာဆရာ၊ စာရေးဆရာ၊ ဘာသာပြန်သူနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ မောင်ဝံသခေါ် ဦးစိုးသိန်း ဟာ သြဂုတ်လ ၁၁ ရက် မနက်က ရန်ကုန် မြို့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

မောင်ဝံသဟာ ၁၉၆၂ ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ပြီး လုပ်သား၊ မြန်မာ့အလင်း စတဲ့ သတင်းစာ တွေမှာ ထမ်းဆောင်ခဲ့ကာ ၁၉၈၈ သပိတ်မှာ ပါခဲ့လို့ ဗိုလ်တထောင် အယ်ဒီတာ အဖြစ်က ရပ်စဲ ခံခဲ့ရ ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တတ်သိ ပညာရှင်များ အဖွဲ့မှာ ပါဝင်ခဲ့ကာ ပဲခူးတိုင်း စည်းရုံးရေး ကော်မတီဝင်၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် တာဝန်ယူ ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ဝေါက အရွေးခံ ခဲ့ရပါတယ်။

ဂန္ဒီ ခန်းမ ဆုံးဖြတ်ချက် အတိုင်း လွှတ်တော် ခေါ်မပေးရင် ဆောင်ရွက်ဖို့ လိုတဲ့ နည်းလမ်း သုံးသွယ် စာတမ်း ပြုစုရာမှာ ပါဝင် ခဲ့မှုနဲ့ NLD ဗဟို အလုပ်အမှုဆောင်ဝင် ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးခင်မောင်ဆွေ၊ ဗိသုကာ ဦးကျော်မင်း၊ ဦးစိန်လှဦး (မောင်နွယ်ဦး) တို့နဲ့ အတူ အရေးပေါ် စီမံမှု အက်ဥပဒေ နဲ့ ၁၉၉၀ က ထောင်ချ ခံရပါတယ်။

၁၉၉၆ မှာလည်း ထပ်မံ ဖမ်းဆီး ခံရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ် ခံရပါတယ်။

၁၉၇၃ က ကစ်ဆင်းဂျား အတ္ထုပ္ပတ္တိနဲ့ ဘာသာပြန် လောကမှာ ထင်ရှားလာ ခဲ့ပြီး မိုရှေဒါယန်၊ အာယန်ဒေး၊ အီဂျစ် သမ္မတ ဆဒတ်၊ နစ်ဆင်၊ မာရှယ် တီးတိုး၊ ခရုရှက်၊ မောင့်ဘက်တန် နိုင်ငံရေး အတ္ထုပ္ပတ္တိ တွေ၊ ရှေ့နေကြီး ပယ်ရီမေဆင် ဝတ္ထုတွေကို ဘာသာ ပြန်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်၊ အောက်တိုဘာ လက စပြီး အတွေးအမြင် စာစဉ်ကို ထုတ်ဝေခဲ့ပြီး ပြည်သူ့ခေတ် ဂျာနယ်ကိုလည်း ထုတ်ဝေသူ အယ်ဒီတာ အဖြစ် ကွယ်လွန်တဲ့ အထိ ဆောင်ရွက်ခဲ့ပါတယ်။

ဂျပန်နဲ့ အမေရိကန် နိုင်ငံများကို သတင်းစာ ပညာ သွားရောက် လေ့လာခဲ့ သလို မြန်မာ နိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်နဲ့ စာနယ်ဇင်း ပညာ ထွန်းကားရေး အတွက် စာအုပ် စာတမ်းများ ရေးသား ပြုစုခဲ့ပြီး သင်တန်း များလည်း ပို့ချ ခဲ့ပါတယ်။

၂၆ နှစ်တာ အတွက် ၂၆ ရက်တာ လက်စားချေခြင်း ဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ် အတွက် နောက်ဆုံး ရေးသား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ