ဂျကာတာ မြန်မာသံရုံး ဗုံးခွဲမှု ပတ်သက်သူ ဖမ်းမိ

  • 12 ဩဂုတ် 2013
130812_jakarta_bomb_plot
Image caption ဗုဒ္ဓဘာသာ ကျောင်းတိုက်ကိုလည်း မကြာမီက ဗုံးခွဲခံလိုက်ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာက မြန်မာသံရုံးကို ပြီးခဲ့တဲ့ မေလတုန်းက မအောင်မမြင်ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး မူဟာမတ် ဆာအိဖူ ဆာဘာနီ ဆိုသူကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရိုနီဆွန်ပီက ပြောကြားရာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ ကလည်း သံသယရှိတဲ့ မိုဟာမတ် ဆာအိဖုကို လေ့လာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ သူဟာ ရန်ပုံငွေ ထောက်ပံ့သူ ဖြစ်ကြောင်း၊ သူဟာ ဂျာကာတာ မြန်မာ သံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တဲ့ အဖွဲ့မှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း ပြောပါတယ်။

ဂျာဗားကျွန်း ယို့ခ်ယာကာတာ မြို့မှာ ဆာဘာနီကို သေကြာနေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပြီး၊ သူဟာ မကြာသေးခင်က ဂျာကတာက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်မှု ရှိမရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးလက်ရွေးစင် ရဲတပ်ဖွဲ့ကနေ စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

သူဘယ်က ပိုက်ဆံရတယ်ဆိုတာကိုလည်း ရဲက သိချင်နေတယ်လို့ ဆိုပါတယ်။