ကင်တားနားကို စစ်တွေမှာ ဆန္ဒပြ

  • 12 ဩဂုတ် 2013
Image caption မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာတွေဟာ ဘက်လိုက်တယ် ဆိုပြီး ရခိုင် တိုင်းရင်းသားတွေက ကန့်ကွက်နေ

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် အိုဟေး ကင်တားနား ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို တနင်္လာနေ့က ရောက်ရှိလာရာမှာ လေဆိပ်မှာ သူ့ကို ရခိုင်တိုင်းရင်းသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားဟာ ဘင်္ဂါလီ မွတ်ဆလင်တွေ ဘက်ကနေ ဘက်လိုက်မှုတွေ ရှိနေတဲ့ အတွက် အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မစ္စတာ ကင်တားနားကတော့ အခုလို မြန်မာပြည်သူတွေ ဆန္ဒပြတာဟာ ကောင်းတယ်လို့ ဆိုနိုင်ကြောင်း ဒါဟာ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ရှိတဲ့ သဘောဖြစ်ကြောင်းနဲ့ သဘောထား အမြင်အားလုံးကို သူ့အနေနဲ့ နားထောင်သွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

မစ္စတာ ကင်တားနားနဲ့ မနက်ဖြန် တွေ့ဆုံဖို့ စီစဉ်ထားတဲ့ စစ်တွေမြို့မိ မြို့ဘ တဦး ဖြစ်သူ ဦးသာပွင့်ကတော့ ဒီဆန္ဒပြမှုဟာ ဆန္ဒပြသူ လူတစုတင်မက ရခိုင်လူထု တခုလုံးရဲ့ သဘောနဲ့ ထပ်တူ ဖြစ်တယ်လို့ ပြောပါတယ်။

ဘီဘီစီနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဦးသာပွင့်က ရခိုင်ဒေသမှာ နေထိုင်နေတဲ့ ဘင်္ဂါလီ လူမျိုးတွေကို ရိုဟင်ဂျာ လို့ ခေါ်ဝေါ် သုံးစွဲနေတဲ့ ကိစ္စ၊ နိုင်ငံသား၊ တိုင်းရင်းသား အဖြစ် သတ်မှတ်ခိုင်းနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မစ္စတာ ကင်တားနားကို ရခိုင် တိုင်းရင်းသားတွေဘက်က စာရေး တင်ပြ ရှင်းလင်းခဲ့ပေမယ့် လက်ခံခြင်း မရှိပဲ ဘင်္ဂါလီတွေဘက်ကနေပဲ ဘက်လိုက်ပြီး တဘက်သတ် အစီရင်ခံစာ ရေးသား တင်သွင်းခဲ့တာ ဖြစ်ကြောင်း၊ ဒါ့ကြောင့်လည်း အခုလို ကန့်ကွက် ဆန္ဒပြကြတာ ဖြစ်ကြောင်း ပြောပါတယ်။

မစ္စတာ ကင်တားနားရဲ့ အခု ဒီခရီးစဉ်ကနေလည်း ရခိုင် လူမျိုးတွေအတွက် ဘာရလဒ်မှ ထွက်ပေါ်လာမယ်လို့ မျှော်လင့်မထားဘူးလို့လည်း သူက ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ၁၁ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မိတ္ထီလာမြို့တွေကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။