အစိုးရ ဖြေရှင်းပေးရမယ့် အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ ပြသနာတွေ

  • 13 ဩဂုတ် 2013
hlut taw

အလုပ်သမား အခွင့်အရေးနဲ့ အလုပ်ရှင်တွေရဲ့ အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ပထမဆုံး အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။

အလုပ်သမားနဲ့ အလုပ်ရှင်တို့ရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်း ကော်မရှင်က ပြည်ထောင်စု လွှတ်တော်ကို ပထမဆုံး အစီရင်ခံစာ တင်သွင်းတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အခြေခံလစာက နည်းပြီး တခြားဆုကြေးတွေနဲ့ ပေါင်းပြီးပေးနေတာ တွေ့ရတယ်။ တစ်ရက်ကို ၁၃ နာရီလောက် အလုပ်လုပ်နေရတယ်။ အလုပ်ရှင်က အလုပ်ဖြုတ်ချင်တဲ့အခါ ပြုတ်တာမျိုးရှိပြီး ကလေးမွေးရင်ရတဲ့ ခွင့်ကိုတော့ မယူရဲတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ အစီအရင်ခံစာမှာ စုံစုံလင်လင် ဖော်ပြထားပါတယ်။

အလုပ်သမားပြဿနာကို အလုပ်သမားဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့က လုပ်ဆောင်ဖို့အတွက် အဆိုအဖြစ် တိုက်တွန်းထားပြီး ဖြေရှင်းချက်တွေကို လွှတ်တော်က စောင့်ကြည့်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းသူ ဦးခိုင်မောင်ရီက ပြောပါတယ်။ အလုပ်ရှင်တွေရဲ့ အခက်အခဲများဖြစ်တဲ့ လျှပ်စစ်မီး ပုံမှန်မရလို့ ကုန်ကျစရိတ်မြင့်တက်မှု၊ နိုင်ငံခြားက လွှဲလာတဲ့ငွေကို ဘဏ်မှာ ငွေထုတ်တဲ့အခါ တစ်ခေါက်ကို ဒေါ်လာတစ်သောင်းပဲ ထုတ်ရလို့ အချိန်ကုန် ငွေကုန်ဖြစ်မှု စတဲ့ အလုပ်ရှင်တွေရဲ့ အခက်အခဲတွေကိုလည်း အစိုးရက ဖြေရှင်းပေးဖို့ကိုလည်း အစီရင်ခံစာမှာ တိုက်တွန်းထားတယ်လို့ ဦးခိုင်မောင်ရီက ပြောပါတယ်။