ဒေါ်နော်အုံးလှနဲ့ ၉ ဦးကို မုံရွာမှာ ဖမ်းဆီး

  • 13 ဩဂုတ် 2013
naw ohn hla

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖေါ်ဖို့ လမ်းလျှောက် လာတဲ့ ဒေါ်နော်အုံးလှနဲ့ အမျိုးသမီး ၉ယောက် ကို မုံရွာမြို့ ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့လည် ၂နာရီလောက်က ဒေါ်နော်အုံးလှ အပါအ၀င် အမျိုးသမီး ၁၀ယောက်ကို မုံရွာဘက်ကမ်း ညောင်ပင်ကြီး - မုံရွာ ဇက်ကူး တို့ဆိပ် အတက်မှာဘဲ ဆက်သွားခွင့်မပြုဘဲ မုံရွာမြို့က ရဲတွေနဲ့ ရဲမေတွေက ဝိုင်းပြီးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဒေါ်နော်အုန်းလှရဲ့ အဆိုအရ သူမနဲ့အတူ အခြား အမျိုးသမီး ၉ဦး ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်နေစဉ် အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးတာ ခံခဲ့ရကြောင်း၊ ယခင်ရက်က သူမရဲ့ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားခဲ့ပေမယ့် ခွင့်မပြုခဲ့ကြောင်း ပြောပါတယ်။

ဒေါ်နော်အုံးလှအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြခွင့်ကို မုံရွာမြို့မှာ နယ်ခံလူတွေနဲ့ မဟုတ်ဘဲ အပြင်လူတွေနဲ့ပြဖို့ လျှောက်ထားခဲ့တာကြောင့် ချမပေးခဲ့တာလို့ မုံရွာမြို့နယ်ရဲမှူး ဦးကြူအင်းက ဘီဘီစီကို ပြောပါတယ်။

ရဲစခန်းနဲ့ အနီးအနားမှာရှိတဲ့ မြို့မဂတ်ကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းထဲမှာလည်း လက်ပံတောင်းဒေသခံတွေနဲ့ ဗကသကျောင်းသားတွေက ဒေါ်နော်အုံးလှတို့ကို ပြန်လွှတ်မပေးရင် ဆန္ဒပြတောင်းဆိုဖို့ ပြင်ဆင်နေတယ် ဆိုတာကြောင့် မြို့မဂတ်ကျောင်းကိုလည်း ရဲလုံခြုံရေးတွေ အင်နဲ့အားနဲ့ ချထားတယ်လို့ စောင့်ကြည့်နေသူတွေက ပြောပါတယ်။

ညနေ ရ နာရီခွဲခန့်မှာ ဒေါ်နော်အုံးလှကလွဲပြီး ကျန် အမျိုးသမီး ၉ ဦးကို ရဲ့က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းမှာ စီမံကိန်းလုပ်ခွင့်ရ ၀မ်ပေါင်ကုမ္ပဏီဘက်ကလည်း လုပ်ငန်းခွင်ပြန်၀င်ဖို့ ပြင်ဆင်နေသလို ဒေသခံတွေကို လျော်ကြေးတွေယူဖို့ အာဏာပိုင်တွေက တဆင့် တိုက်တွန်းနေတာတွေလည်း ရှိနေပါတယ်။

ဒေသခံတွေဘက်ကလည်း ကုမ္ပဏီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းစီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အပြည့်အဝ လုပ်ဆောင်တာ မတွေ့ရသေးတာကြောင့် လျော်ကြေးတွေကိုမယူဘဲ စီမံကိန်းရပ်ဆိုင်းပေးဖို့ ဆက်တောင်းဆိုနေကြပါတယ်။