မြန်မာစာနယ်ဇင်းကောင်စီ လိုလားတဲ့ ဥပဒေကြမ်း

  • 13 ဩဂုတ် 2013
burma_newspaper
Image caption မြန်မာ့ မီဒီယာ နဲ့ ပုံနှိပ်၊ထုတ်ဝေ ဥပဒေ

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေ နဲ့ အဖွဲ့ဟာ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်း၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်း စုကြည် တို့နဲ နေပြည်တော် မှာ မနေ့ က သီးခြားစီ တွေ့ခဲ့ပါတယ်။

ဒီလိုတွေ့ရာမှာ စာနယ်ဇင်းကောင်စီ က ဆွဲပေးထားတဲ့ ဥပဒေ ကြမ်းနဲ့ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ သဘောထား ကွဲတဲ့ အချက်တွေ ကို နေပြည်တော်မှာ ရှင်းပြခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော် က အတည်ပြု ပြဌာန်းပေးပြီး၊ အမျိုးသား လွှတ်တော် ကို ရောက်နေတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ နဲ့ ပတ်သက်ပြီး သဘောမတူ တဲ့ အချက်တွေ တင်ပြ ခဲ့ကြောင်း ဦးကျော်မင်းဆွေ က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် ဥက္ကဌ လည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် ရဲ့ နာယက ဖြစ်တဲ့ သူရ ဦးရွှေမန်း ဘက် က ဦးကျော်မင်းဆွေ နဲ့ အဖွဲ့ တင်ပြတဲ့ အချက် တွေ ကို လေးလေး နက်နက် ပြန်လည် ဆွေးနွေးကြောင်း၊ ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဥပဒေပါ အချက်အလက် ဆွေးနွေးမယ့် အစား၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ အနေနဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာတဲ့ နည်း ကျင့်သုံးဖို့၊ ပဋိပက္ခ အသွင် မဆောင်ဖို့ အဓိကထား ပြောကြောင်း ဦးကျော်မင်းဆွေ က ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက အလျှော့ပေးတဲ့ အနေနဲ့ နှစ်ဖက် အပြန်အလှန် ပြင်ဆင်ဖို့ အချက်တွေ အနက် ၅၁ ချက် ကို သဘောတူပြီးကြောင်း၊ ကျန်တဲ့ ၁၇ ချက် ကိုတော့ စာနယ်ဇင်း ကောင်စီ ဘက် က လည်း အရေးကြီး တဲ့ အချက်တွေ ဖြစ်လို့ မပြင်ပေး နိုင်ဘူး ပြောရာမှာ လွှတ်တော် ကို တင် မပေးဘူး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် က တဆင့် တင်ရင်လည်း၊ လွှတ်တော် အရပ်ရပ်မှာ အဆင့်ဆင့် ကန့်ကွက်မယ့် အကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ပြောတဲ့ အကြောင်းကို ဦးကျော်မင်းဆွေ က ပြောပါတယ်။