မစ္စတာ ကင်တားနား လိုင်ဇာကို သွားခွင့်မရ

  • 15 ဩဂုတ် 2013
Image caption လိုင်ဇာ ဒုက္ခသည်စခန်းတွေကို မစ္စတာ ကင်တားနား ကိုယ်တိုင် သွားကြည့်လိုတဲ့ ဆန္ဒရှိ

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ် အိုဟေး ကင်တားနားဟာ လိုင်ဇာ ဒေသကို သွားခွင့် မရပဲ သူ့ရဲ့ ကချင် ပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ခဲ့ ရပါတယ်။

လိုင်ဇာ ဒေသက ဒုက္ခသည်စခန်းတွေကို မစ္စတာ ကင်တားနား သွားရောက် ကြည့်ရှုဖို့ စီစဉ်ထားပေမယ့် လုံခြုံရေး စိုးရိမ်မှုကြောင့်ရယ်၊ ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက် မရှိတာကြောင့်ရယ် ဆိုပြီး ကချင်ပြည်နယ် အစိုးရက ခွင့်မပြုခဲ့တဲ့အတွက် လိုင်ဇာ ဒေသကို မသွားခဲ့ရဘူးလို့ မစ္စတာ ကင်တားနားကို လိုင်ဇာကို ကူညီ လိုက်ပို့ ပေးမယ့် PCG ကချင်ဒေသ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာ က ဘီဘီစီကို ပြောပါတယ်။

အခုလောလောဆယ်မှာ KIA ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတပ်တွေအကြား နှစ်ဦးနှစ်ဘက် သဘောတူ စစ်ရှိန် လျှော့ထားတဲ့ အတွက် အေးအေးဆေးဆေး ဖြစ်နေပြီး လုံခြုံရေးအတွက် အထူးတလည် စိုးရိမ်စရာ မရှိဘူးလို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အခုလို လိုင်ဇာ ဒေသက ဒုက္ခသည် စခန်းတွေကို ကိုင်တိုင် ကိုယ်ကျ သွားရောက် ကြည့်ရှုခွင့် မရခဲ့တဲ့အတွက် မစ္စတာ ကင်တားနား အနေနဲ့ အတော့်ကို စိတ်မကောင်း ဖြစ်မိပြီး မကြာခင် ကြေညာချက်တရပ် ထုတ်ပြန်ဖို့ ရှိတယ်လို့ ပြောသွားကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ သောကြာနေ့မှာတော့ ချင်းပြည်နယ်ကို သွားမယ်လို့ သိရပါတယ်။