အဆင့်ဆင့် လက်လွှဲ ပဲ ရောင်းဝယ်တာ နောက်ဆုံးရက် သတ်မှတ်

  • 16 ဩဂုတ် 2013
Image caption ပဲအမျိုးမျိုးကို တွေ့ရပုံ

မြန်မာနိုင်ငံ ပြည်တွင်း ပဲ အရောင်းအဝယ် လုပ်တဲ့နေရာမှာ ဖောင်းပွမှုတွေ မဖြစ်အောင်ဆိုပြီး ကုန်လက်ခံ ပြေစာ - ဒီအို ကို အဆင့်ဆင့် လက်လွှဲ အရောင်းအဝယ် လုပ်နေတာတွေကို မနေ့က သြဂုတ် လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အရောင်းဝယ် လုပ်ဖို့ စီးပွါးရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ပဲ နှမ်း အသင်းတို့ ညိနှိုင်းပြီး ဆုံးဖြတ် လိုက်တယ်လို့ သိရပါတယ်။

ပြည်တွင်း ပဲ အရောင်းအဝယ် လုပ်တဲ့ နေရာမှာ ဖောင်းပွမှုတွေ မဖြစ်ရအောင် အခု စံနစ် အစား စာချုပ်နဲ့ အရောင်းအဝယ် လုပ်တဲ့ စနစ်ကို ပြောင်းလဲ သွားမယ်လို့ ပဲ နှမ်း အသင်း ကပြောပါတယ် ။

လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဖြစ်ခဲ့သလို ပဲလောကမှာ ငွေကြေး ပြဿနာ မဖြစ်ရအောင် အခုလို ဒီအိုနဲ့ အရောင်းအဝယ် လုပ်တာကို တားရတာပါလို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက ပဲလောကမှာ ပဲမရှိ ၊ ငွေမရှိဘဲ စာရွက်နဲ့ အရောင်းအဝယ် လုပ်ကြတဲ့ အတွက် ပဲကုန်သည်ကြီးတွေ ငွေမပေးနိုင်လို့ အစိုးရက ၀င်ရှင်းပေးခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။

ပဲကုန်သည် အသေးလေးတွေက ဒီအိုကို ဥပမာ ငါးသိန်းနဲ့ ၀ယ်ပြီး နောက်တယောက်ကို ငါးသိန်း တသောင်းနဲ့ ပြန်ရောင်း ၊ နောက်တယောက်ကလည်း တခြားသူကို ငါးသိန်း နှစ်သောင်းနဲ့ ပြန်ရောင်းကြကြောင်း ၊ အဲလို ရောင်းတဲ့ အခါ ပဲပြ ၊ ငွေပြစရာမလိုဘဲ ကွာခြားချက်ကိုသာ ယူသွားတာ ဖြစ်တယ်လို့ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ရှင်းပြခဲ့ပါတယ်။

အဲဒီလို ရောင်းဝယ်ကြတဲ့ အခါ ပဲဟောင်းစျေးတွေ မြင့်တက်လာပြီး ပဲသစ်က စျေးမရ စတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရပြီး နိုင်ငံခြားကို တင်ပို့မှုတွေ မလုပ်နိုင်တော့တာ တွေ့ရကြောင်း သူက ပြောပါတယ်။

အခု ပြည်တွင်း ပဲစျေးတွေ ကြီးနေပြီး ပြည်ပ တင်ပို့မှုကလဲ ကျနေတာကြောင့် လှိုင်သာယာ စက်မှုဇုန် ထဲက ပဲစက်ရုံကြီးတွေ ပိတ်ထားရပါတယ်။

အခုလို ဒီအို စံနစ်နဲ့ စာရွက်ပေါ် အခြေခံ ရောင်းဝယ်မှုကို ရပ်လိုက်လို့ တကယ် အရောင်းအဝယ် လုပ်ရာမှာ ပြဿနာ မတက်နိုင်ကြောင်း ၊ အစိုးရ က လိုအပ်တာကို ဝင်ရောက် ထိန်းကျောင်းပေးတဲ့ အနေနဲ့ စာချုပ်နဲ့ အရောင်းအဝယ် လုပ်တဲ့ စံနစ်ကို ပြောင်းလဲဖို့ ကူညီ ထိန်းကျောင်းပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

မနှစ်ကဆိုရင် မြန်မာ နိုင်ငံကနေ ပြည်ပကို ပဲတန်ချိန် ၁၄သိန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြား ဝင်ငွေ ဒေါ်လာ သန်းကိုးရာ ရခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်တာက ကောင်းပေမယ့် မြန်မာ နိုင်ငံမှာ စတော့ အိတ်ချိန်း မပေါ်ပေါက်သရွေ့ အခုလို စျေးကစားမှုတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ