ချင်းပြည်နယ်သွား ကင်တားနား

  • 18 ဩဂုတ် 2013
စစ်တွေမှာ ကင်တားနားကို ဆန္ဒပြနေပုံ

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ငါးနှစ်တာ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ပထမဆုံး ခရီးစဉ် အဖြစ် မစ္စတာ ကင်တားနား ဟာ ချင်းပြည်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက် မြို့တွေကို သွားရောက်ခဲ့ပါတယ်။

အဲဒီ ခရီးစဉ် အတွင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် နဲ့ ပညာရေး စတဲ့ အကြောင်းတွေကို ဒေသခံတွေနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နတလ လို့ခေါ်တဲ့ နယ်စပ် ဒေသ တိုင်းရင်းသား လူငယ် ဖွံ့ဖြိုးရေး ကျောင်းတကျောင်းကို သွားရောက်ခဲ့ပြီး ဆရာတွေ ကျောင်းသားတွေနဲ့ တွေ့ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီခရီးစဉ် အပြီးမှာ တွေ့ရှိချက် တွေကို အခြေခံပြီး အစီရင်ခံစာ တစောင် ရေးမယ်လို့လည်း သူက ပြောပါတယ်။

ချင်းပြည်နယ်မှာ သောက်သုံးရေး ရရှိရေး ၊ ကျန်းမာရေးနဲ့ ပညာရေး လိုအပ်ချက်တွေ အကြီးအကျယ် ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် အစာငတ်မွတ် ခေါင်းပါးမှု မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

ချင်းပြည်နယ် အတွင်း ဘာသာရေး ခွဲခြားမှုတွေ ရှိတယ် ဆိုပြီး ကိုယ်ပိုင် ခံစားချက်တွေကို ဦးတာမလာ ကီးက ပြောကြားခဲ့ပြီး သူတို့ ဒေသတွင်းမှာ ကိုရင် မဝတ်မနေရ ဝတ်ခိုင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနား အနေနဲ့ ခွဲခြား ဆက်ဆံမှုတွေကို သိမြင်ပြီး ဒါတွေကို သမ္မတ ကြီးထံကို တင်ပြပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ ချင်းပြည်နယ်က အပြန် ရှမ်းပြည်နယ်နဲ့ မိတ္တီလာကို သွားရောက်မှာ ဖြစ်ပြီး နေပြည်တော်ကို ဝင်ကာ အရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီနောက် သြဂုတ်လ ၂၁ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ