လုပ်ငန်းရှင် ၇ဝ ကျော် မွေးရေကို အကြွေး ကျပ်သိန်းပေါင်း ၂သိန်း၈ သောင်းကျော် ပြန်ဆပ်ဖို့ရှိ

  • 20 ဩဂုတ် 2013
Image caption ရန်ကုန်မြို့ ဗဟိုငါးစျေးကြီးက မြင်ကွင်းတခု

ပုဂ္ဂလိက လုပ်ငန်းရှင် ၇ဝ ကျော်က မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ပေးစရာရှိတဲ့ အကြွေးငွေ ကျပ်သိန်းပေါင်း ၂သိန်း ၈သောင်းကျော် ပြန်ဆပ်ဖို့ ပြီးတဲ့ တနင်္ဂနွေနေ့က နောက်ဆုံးနေ့အဖြစ် သတင်းစာထဲကနေ ကြေညာခဲ့ပါတယ်။

ပြန်ဆပ်ပြီးခဲ့သူ ၈ ယောက်သာ ရှိသေးပြီး ဘာကြောင့်များ အခုလို အကြွေးအများအပြား တင်ခဲ့တာလဲလို့ မေးကြည့်တော့ ဝန်ကြီးဌာနက ထုတ်တဲ့ မွေးမြူရေး အစာတွေကို အကြွေးနဲ့ ရောင်းပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ကြွေးပြန်မဆပ်နိုင်ဘဲ ကျန်တဲ့သူတွေကိုတော့ ဥပဒေအရ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးမှူး ဒေါက်တာ မြင့်လွင်က ပြောပါတယ်။

အစိုးရ အနေနဲ့ ဖြေလျော့ပေးတာတွေ ရှိပေမယ့် ကြွေးကျန်တွေကို တရား ဥပဒေ အတိုင်း စီစဉ် သွားမယ်လို့ သူက ဆိုပါတယ်။

အကြွေးဆပ်ရမယ့်သူ အများစုဟာ ငါးမွေးမြူရေး လုပ်ငန်းရှင်တွေဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က အမေရိကန် ဒေါ်လာ တစ်ဒေါ်လာကို ကျပ် ၁၂ဝဝ ရှိရာကနေ ၈ဝဝ လောက်အထိ ကျသွားလို့ ငါးမွေးမြူရေး သမားတွေ အရှုံးပေါ်ခဲ့ကြပြီး အကြွေးတင် ခဲ့တာ ဖြစ်တယ်လို့ မြန်မာ့ ငါးလုပ်ငန်း အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

ဒီအကြွေးပြန်ဆပ်နိုင်ရေးအတွက် မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုပ်က အသနားခံစာတင်ထားပြီး အရစ်ကျ ကာလရှည် အကြွေးဆပ်ဖို့ တင်ပြထားတာ ရှိကြောင်းနဲ့ ဖြစ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး လုပ်ငန်းသုံး ပစ္စည်းတွေ ထုခွဲ ရောင်းချကာ အကြွေးဆပ်ရမယ် ဆိုရင်တော့ သားငါး ထုတ်လုပ်မှု ကဏ္ဍကို ထိခိုက်သွားနိုင်တယ်လို့ ဦးဝင်းကြိုင်က ဆိုပါတယ်။

အခုနှစ် မကုန်ခင် ဝန်ကြီးဌာနက အကြွေးတွေ ပြန်သွင်းရမယ်လို့ လွှတ်တော်က အတည်ပြုထားတာကြောင့် ဝန်ကြီးဌာနကလည်း တိတိကျကျလုပ်ဆောင်လာရတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာ တရားစွဲဆိုမှုဖြစ်လာရင်တော့ အခုမှ ဦးမော့လာစပြုတဲ့ ငါးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ