ရခိုင် သယံဇာတ အကျိုးခံစားခွင့် လက်မှတ် ကောက်ခံ

  • 18 ဩဂုတ် 2013
Image caption တရုတ်မြန်မာ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကနေ ရခိုင်ဒေသခံတွေ အကျိုးအမြတ် ခွဲဝေ ရလိုကြ

ရခိုင်ဒေသမှာ ထွက်တဲ့ သယံဇာတတွေကို ရခိုင်ဒေသခံတွေ ရရှိ ခံစားနိုင်ရေးအတွက် ဆန္ဒထုတ်ဖေါ် လက်မှတ် ကောက်ခံတဲ့ လှုပ်ရှားမှု တရပ်ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ကြီးမှူးပြီး ဒီကနေ့ တနင်္ဂနွေနေ့က စ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

လက်မှတ်ပေါင်း ၃သိန်း ရရင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ တင်ပြမယ်လို့ သိရပါတယ်။

ပထမဆုံးနေ့မှာပဲ ပုဏ္ဏားကျွန်းမြို့မှာ လက်မှတ်ပေါင်း ၄ရာလောက် ရထားပြီးပြီလို့ ပုဏ္ဏားကျွန်းမြို့မှာ တာဝန်ယူပြီး လက်မှတ်ကောက်ခံ စုဆောင်းခဲ့တဲ့ RNDP ဗဟို ကော်မီတီဝင် ဦးစံကျော်လှက ဘီဘီစီကို ပြောပါတယ်။

သယံဇာတ ဆိုရာမှာ သဘာဝ ဓါတ်ငွေ့တင်မက သစ်တောထွက် ပစ္စည်းတွေ၊ ပင်လယ်ရေထွက် ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ရခိုင်ဒေသက ထွက်တဲ့ သယံဇာတ အကျိုးအမြတ်တွေနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာမှု ရှိဖို့ လိုကြောင်း နဲ့ အကျိုးခံစားခွင့်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူတွေ ကြေနပ်မှု ရှိသလား၊ စီမံကိန်းလုပ်ငန်းတွေကြောင့် ဆိုးကျိုးတွေ ဘယ်လို ရှိနိုင်မလဲ ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် ပြောဖို့ လိုကြောင်း ဦးစံကျော်လှက ပြောပါတယ်။

သယံဇာတတွေကနေ အကျိုးအမြတ် ဘယ်လောက် ရသလဲ ဆိုတာကို ရခိုင်လူထုအနေနဲ့ ပွင့်ပွင့်လင်းလင်း သိချင်နေကြပြီး စီမံကိန်း လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ရခိုင်ဒေသခံတွေ ကပဲ ခံကြရမှာ ဖြစ်သလို ရသင့် ရထိုက်တဲ့ အကျိုး ခံစားခွင့်တွေကိုလည်း အချိုးကျ ခွဲဝေ ခံစားလိုတဲ့ ဆန္ဒ ရှိကြတယ်လို့ ဦးစံကျော်လှက ပြောပြပါတယ်။