လူ့အခွင့်အရေးကိုယ်စားလှယ် ရဲ့လားရှိုးခရီး

  • 19 ဩဂုတ် 2013
ကင်တားနား
Image caption လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကင်တားနား

မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ ကို ရောက်ရှိခဲ့ပြီး မေလ တုန်းက လားရှိုးမှာ မွတ်ဆလင် တွေ တိုက်ခိုက်ခံရမှု ကို မေးမြန်းစုံစမ်းတာပါ။

အထူးသဖြင့် မွတ်ဆလင် တွေ ရဲ့ ဗလီ၊ နေအိမ်တိုက်တာ တွေ အကြမ်းဖက် ဖျက်ဆီး တိုက်ခိုက်ခံရတာ နဲ့ ပတ်သက်လို့ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ မြို့မိ မြို့ဖ တွေ၊ မြန်မာ လူမှုရေး အဖွဲ့၊ ရှမ်းစာပေ နဲ့ ယဉ်ကျေးမှု အဖွဲ့ က ပုဂ္ဂိုလ်တွေ နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

အခုလို တွေ့ဆုံရာမှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ကိုယ်စား ဆရာဝန်တဦး က၊ မစ္စတာ ကင်တားနား ကို ရှင်းပြ ရာမှာ အကြမ်းဖက်မှု ဟာ ဘယ်သူ ဘယ်ဝါ လက်ချက် လို့ မပြောနိုင်ပေမယ့်၊ အကြမ်းဖက် လူတစု လို့သာ ပြောနိုင် ကြောင်း၊ ဒီလူတွေ ဟာ မျက်နှာစိမ်း တွေ ဖြစ်ပုံ ကို တွေ့ဆုံပွဲ တက်ရောက်တဲ့ ဟိန္ဒူ ဘာသာဝင် တဦး က ဘီဘီစီ ကို တဆင့် ပြောပြပါတယ်။

တကယ်တော့ လားရှိုးမြို့ ဟာ ဘာသာဝင် အချင်းချင်းကြားမှာ နှစ်ပေါင်းများစွာ ရင်းနှီး သင့်မြတ်စွာ နေထိုင်သလို၊ တခါမှ ပြဿနာ မရှိခဲ့ ကြောင်း၊ လားရှိုးမြို့နေ ဗုဒ္ဓဘာသာဝင် တွေ ကို ခုတုံးလုပ်ပြီး မျက်နှာစိမ်း အကြမ်းဖက် အုပ်စု က ဖျက်ဆီးမှု တွေ ပြုသွားတာ ဖြစ်ကြောင်း၊ မစ္စတာ ကင်တားနား ကို ရှင်းပြ ကြပါတယ်။

ဒါကြောင့် မို့ နောင်ကို မဖြစ်အောင်၊ ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွေ၊ အချင်းချင်း ကူညီခြင်း၊ နားလည်မှု ရယူခြင်း စတာတွေ ဆောင်ရွက်နေကြ တဲ့ အကြောင်း လည်း၊ မြို့ခံ တွေက မစ္စတာ ကင်တားနား ကို ရှင်းပြ ကြတာ ကို တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဟိန္ဒူ ဘာသာဝင် တဦး က ဘီဘီစီ ကို တဆင့် ပြောပြ ပါတယ်။