ထိုင်းလုပ်ငန်းရှင်တွေ မွန်ပြည်နယ်မှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စား

  • 20 ဩဂုတ် 2013
Image caption မြန်မာနိုင်ငံထဲ သွင်းလာတဲ့ ကားတွေ တင်ဆောင်

မြန်မာနိုင်ငံက မော်လမြိုင်မြို့ အပါအ၀င် မွန်ပြည်နယ်မှာ ရင်းနှီးမြုပ်နှံ စီးပွားရေး လုပ်ကိုင်လိုကြတဲ့ ထိုင်းလုပ်ငန်းရှင်တွေ မနေ့တုံးက လေကြောင်းခရီးနဲ့ မဲဆောက်ကနေ မော်လမြိုင်မြို့ကို သွားရောက်ခဲ့ ကြပါတယ်။

ထိုင်းလုပ်ငန်းရှင်တွေဟာ မနေ့တုံးက စတင်တဲ့ မော်လမြိုင်ကုန်စည်ပြပွဲကို သွားကာ သူတို့ရဲ့ ထုတ်ကုန်တွေကို ပြသရင်းနဲ့ မော်လမြိုင်နဲ့ မွန်ပြည် နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်လမ်းတွေကို သွားပြီး ရှာဖွေကြတာ ဖြစ်ပါတယ်။

အခု လူတိုင်းဟာ မြန်မာနိုင်ငံကို သွားနေကြတယ်လို့ ထိုင်းလုပ်ငန်းရှင် ၈၀ ကျော်ကို မဲဆောက် မော်လမြိုင် လေကြောင်း ခရီးစဉ်မှာ ဦးဆောင်တဲ့၊ တာခ် ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆူရီယ ပရဆာသ်ဒစ် က ဘီဘီစီကို ပြောပြပါတယ်။

ဒါ့အပြင် ၂ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို သွားပြီး ရင်းနှီး မြှုပ်နှံကြပါ ၊ ထိုင်းတွေအတွက် ရင်းနှီးမြုပ်နှံ စီးပွားလုပ်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ် ၊ ထိုင်းတွေဟာ နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ အရည်အသွေးမှီ ကုန်ထုတ်လုပ်နိုင်သူတွေ ဖြစ်သလို မြန်မာနိုင်ငံမှာက ကုန်ကြမ်းနဲ့ အလုပ်သမား အများကြီးရှိတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး အကြံပေးခဲ့ပါတယ်။

ထိုင်းလုပ်ငန်းရှင် တွေထဲမှာ အရင်ကတည်းက နယ်စပ် ကုန်သွယ်ရေး အတွေ့အကြုံ ရှိသူတွေနဲ့ မြန်မာနိုင်ငံက၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ကန်ထရိုက်စနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်း သွားလုပ်ဖူးသူတွေလည်း ပါကြောင်း သိရပါတယ်။

အဲဒီလို ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးစဉ်မှာ ပါသွားတဲ့ လုပ်ငန်းရှင်တွေထဲက တဦးဖြစ်တဲ့ နိုင်ကော်ကီယက် ဆာ့ဘ်ဆန်ကလည်း အခု မဲဆောက်ကနေ သွားတဲ့အထဲမှာ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ ကျောက်မျက်လုပ်ငန်း၊ ဓါတ်သတ္တု မိုင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆေးရုံလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း၊ စတဲ့လုပ်ငန်းရှင်တွေဟာ၊ မော်လမြိုင်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးတော့၊ အဲဒီမှာ ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

အရေးကြီးတာက၊ မော်လမြိုင်မှာ ရင်းနှီးမြှုပ်နှံဆိုင်ရာ၊ စည်းကမ်း၊ ဥပဒေတွေ ဖြစ်ပြီး အဲဒါတွေက နှစ်နိုင်ငံ လုပ်ငန်းရှင်တွေ ပူးတွဲ ရင်းနှီးမြှုပ်နှံ နိုင်အောင် ဆွဲဆောင် ပေးနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ထိုင်းလုပ်ငန်းရှင်တွေဟာ ၂၀၁၅ ခုနှစ် AEC ASEAN Economic Community မတိုင်မှီမှာ ထိုင်းနိုင်ငံ တာခ်ခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံက၊ ကရင်ပြည်နဲ့ မွန်ပြည်နယ်တွေ မှာ ကုန်သွယ်ရေး၊ ရေရှည် ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေကို တခြားနိုင်ငံတွေထက် လက်ဦးမှု ရအောင် ထိုင်းအစိုးရက သူတို့ရဲ့ လုပ်ငန်းရှင်တွေကို အထူး အားပေးကူညီတာ တွေ့ရပါတယ်။