KNUနဲ့ BGFကိစ္စ ညှိနှိုင်းပေးမယ်လို့ KNU စစ်ဦးစီးချုပ် ပြော

  • 20 ဩဂုတ် 2013
Image caption ကရင်လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဂျော်နီ

KNU နဲ့ BGF နယ်ခြားစောင့်တပ်တွေ အခု လလယ်တုံးက တိုက်ခိုက်ခဲ့ကြတဲ့ ကိစ္စကို အမြန်ဆုံး ညှိုနှိုင်း ဖြေရှင်းပေးမယ်လို့ KNU စစ်ဦးစီးချုပ်က ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။

KNU တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့တခုနဲ့ ကရင်ပြည်နယ် ဖါပွန်မြို့နယ် ဝဲကြီးစခန်း က BGF ကရင်နယ်ခြားစောင့်တပ်တွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့တုံးက နှစ်ဖက် အကြား ပစ်ခတ် တိုက် ခိုက်ကြလို့ BGF ဒုတပ်ကြပ် စောစိန်ပွင့်နဲ့ တပ်သား စောကြည်သန်းတို့ ဒဏ်ရာရခဲ့ရာမှာ အဲဒီကိစ္စကို BGF ကရင် နယ်ခြားစောင့်တပ် တည်ထောင်တဲ့ ၃ နှစ်မြောက်နေ့ အခမ်းအနားကို သွားတက်မယ့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဖြေရှင်းပေးမယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

ဒါကြောင့် အဲဒီကိစ္စကို ဖြေရှင်း ဖြစ်သလားလို့ ဗိုလ်ချုပ်ကြီး စောဂျော်နီကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ရာမှာ အဲဒီအခမ်းအနားမှာတော့ မဆွေးနွေး ဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် ကရင် လက်နက်ကိုင် အားလုံး စည်းလုံး ညီညွတ်အောင် လုပ်ဖို့ သူ့မှာ တာဝန်ရှိကြောင်း၊ ဒါ့ကြောင့် နှစ်ဘက်စလုံးကို ခေါ်ပြီး ညှိနှိုင်း ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီဟာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာ အခြေစိုက် ဗိုလ်ချုပ် ထိန်မောင်ရဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီ PC မှာ အခုနှစ် မေလကုန်ပိုင်းတုံးက ဖွဲ့စည်းခဲ့တဲ့ ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီမှာ အဖွဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်း ခံထားရပါတယ်။

အဲဒီကော်မီတီမှာ KNU ၊BGF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ PC ၊ DKBA ၊ နယ်ခြား စောင့်တပ် အသွင်ပြောင်းထားတဲ့၊ ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့ KPF နဲ့ပဒိုအောင်ဆန်းရဲ့ ဘုရားကုန် ငြိမ်း ချမ်းရေး အဖွဲ့တို့ ပါ၀င်ကြပါတယ်။

အခုလ ၁၄ ရက်နေ့ ညတုံးက မြ၀တီမြို့ အနားမှာ ကရင် ငြိမ်းချမ်းရေးကောင်စီ PC နဲ့ BGF တပ် တွေ တိုက်ခိုက်ခဲ့ကြပြီးတော့၊ ၁၆ ရက်နေ့ည မှာလည်း ဖါပွန် မြို့နယ်ထဲမှာ KNU နဲ့ BGF တို့ တိုက်ခိုက်ခဲ့ကြပါတယ်။

ဒီလို ကရင် လက်နက်ကိုင်တွေ အကြား တိုက်ပွဲတွေကို ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီက လိုက်လံ ဖြေရှင်းပေးဖို့ တာ၀န် ဖြစ်လာတာပါ။