ထိုင်း လူဝင်မှု အချုပ်ခန်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေး

  • 20 ဩဂုတ် 2013
Image caption ထိုင်း လူဝင်မှု ကြီးကြပ်ရေး စခန်းတွေမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၂၀၀၀လောက်ရှိနေ

မလေးရှားနယ်စပ် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ထိန်းသိမ်း ခံထားရတဲ့ ရိုဟင်ဂျာ အယောက် ၉ဝ နီးပါး အချုပ်ခန်း ဖေါက်ပြီး ထွက်ပြေးသွား ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာ ခရိုင် စဒေါင်းမြို့က ထိုင်း လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ထိန်းသိမ်း ခံထားရတဲ့ ရိုဟင်ဂျာ ၁၅ဝ လောက်ထဲက ၈၇ ဦးဟာ တနင်္လာနေ့ညက အချုပ်ခန်း မျက်နှာကြက်ကို ဖေါက်ပြီး ထွက်ပြေးသွားတာလို့ စဒေါင်း လူဝင်မှု ကြီးကြပ်ရေးဌာနက အမျိုးသမီး ရဲတာဝန်ရှိသူက ပြောပါတယ်။

အခု နှစ်ဆန်းပိုင်းက စပြီး ရိုဟင်ဂျာ အယောက် ၂ဝဝဝ နီးပါးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံ အချုပ်ခန်းတွေမှာ ခွဲပြီး ချုပ်နှောင် ထားတာဖြစ်ပါတယ်။

အဲ့ဒီလူတွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒေ့ရှ် နယ်စပ်ကနေ လှေစီးပြီး ပင်လယ်ကနေ မလေးရှားကို သွားဖို့အလာ ထိုင်းနိုင်ငံမှာ ကမ်းကပ်မိပြီးနောက် အဖမ်းခံထားရတဲ့ သူတွေဖြစ်ပါတယ်။

ဒီလူတွေဟာ မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်တယ်လို့ ထိုင်းအစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။

အဲဒီလူတွေကို စိစစ်ပြီး မြန်မာနိုင်ငံကို ပြန်ခေါ်သွားဖို့ မြန်မာအစိုးရကို ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ခန်း ၂ ခုက လူပေါင်း ၂ဝဝ ကျော်ကို ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံရုံး တာဝန်ခံတွေ သွားရောက် စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ အထောက်အထား ပြနိုင်သူ ၇ ယောက် လောက်ကိုသာ တွေ့ခဲ့ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၃၅ ဦး တွေ့ပြီး ကျန်တဲ့ သူတွေက ဘယ်နိုင်ငံသားတွေ ဆိုတာ အထောက်အထား မပြနိုင်ကြကြောင်း သံအမတ်ကြီး ဦးတင်ဝင်းက ပြီးခဲ့တဲ့ ရက်ကပဲ ဘီဘီစီကို ပြောပါတယ်။