ဒဂုန်တာရာ စျာပန ကျင်းပပြီးစီး

  • 21 ဩဂုတ် 2013
ဒဂုန်တာရာ Dagon Taryar
Image caption ဆရာကြီး ဒဂုန်တာရာ (အသက် ၉၅ နှစ်)

စာရေးဆရာကြီး ဒဂုန်တာရာရဲ့ စျာပနကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီး လူထောင်နဲ့ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

မိသားစုဝင်တွေ၊ အောင်ပန်း မြို့ခံတွေအပြင် အနယ်နယ်အရပ်ရပ်က စာပေ နဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေလည်း လာရောက်ကြတာမို့ အထူးစည်စည်ကားကားနဲ့ စျာပန ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆရာကြီး ဒဂုန်တာရာဟာ အသက် ၉၅ နှစ်အရွယ် ပြီးခဲ့တဲ့ တနင်္လာနေ့က လူကြီး ရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ စာပေလောကနဲ့ နိုင်ငံရေးလောကအပေါ် သြဇာရှိခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီးအတွင်း ဆရာကြီးရဲ့ ဂုဏ်ပုဒ်တွေကို ပြောဆိုကြရင်း အောင့်မေ့ သတိရကြတယ်လို့ လိုက်ပါ ပို့ဆောင်တဲ့အထဲမှာ ပါတဲ့ ပြည်သူ့ခေတ် အယ်ဒီတာချုပ် ဦးမော်လင်းက ပြောပါတယ်။

ဆရာကြီးရဲ့ အရိုးပြာအိုးနဲ့ လာမယ့် ရက်ပိုင်းအတွင်း အထိန်းအမှတ်နေရာတခု ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း ဦးမော်လင်းက ပြောပါတယ်။

ဆရာကြီးဟာ မြန်မာ ကဗျာလောကမှာ ခေတ်တခေတ်ကို ထူထောင်နိုင်ခဲ့သလို နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တဲ့နည်း ဆိုပြီး ငြိမ်းချမ်းရေး လမ်းစဉ် ကိုင်စွဲသူအဖြစ် ထင်ရှားပါတယ်။

ဆရာကြီး ဒဂုန်တာရာဟာ မေ၊ စံပယ်ဦး၊ ကြာပန်းရေစင် အစရှိတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို ကဗျာ၊ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများကိုလည်း ကလောင်အမည် အမျိုးမျိုးဖြင့် ရေးခဲ့ပါတယ်။