အီလက်ထရောနစ်ဥပဒေကို ပြင်တဲ့ ဥပဒေကြမ်း တင်ပြ

  • 21 ဩဂုတ် 2013
Image caption လက်ရှိ အီလက်တရောနစ် ဥပဒေအရ အင်တာနက် သုံးတာကိုတောင် အရေးယူနိုင်ခွင့် ရှိ

စစ်အစိုးရလက်ထက်တုန်းက ရေးဆွဲခဲ့တဲ့ ထောင်ဒဏ် နှစ်ရှည်ချခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွှန့် က တင်သွင်း တာကို လွှတ်တော်က လက်ခံလိုက် ပါတယ်။

အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေဟာ အင်တာနက် သုံးတာပဲ ဖြစ်ဖြစ်၊ စီဒီတချပ်လောက် လက်ဝယ် တွေ့တာပဲဖြစ်ဖြစ် အရေးယူနိုင်တဲ့ ဥပဒေဖြစ်ကြောင်းနဲ့ အခုခေတ်နဲ့ မကိုက်ညီတော့လို့ ဒီဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကို အခုလို တင်ခဲ့တာလို့ ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွန့်က ဘီဘီစီကို ရှင်းပြပါတယ်။

အမှန်တကယ် ဒီဥပဒေရဲ့ ရည်ရွယ်ချက်က ခေတ်မှီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ တည်ဆောက်တဲ့အခါ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာ အထောက်အကူ ပြုဖို့ ဖြစ်ပေမယ့် လက်တွေ့မှာကတော့ အီလက်ထရောနစ် နည်းပညာ အသုံးပြုပြီး စာတစောင် လက်ခံ မိတာနဲ့ ထောင်ဒဏ် နှစ်ရှည်လများ ကျခံရလေ့ ရှိတယ်လို့ ဆိုပါတယ်။

စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေး သဘောထား မတိုက်ဆိုင်သူတွေ၊ မီဒီယာ သမားတွေကို ဒီဥပဒေကို အသုံးပြုပြီး ခြိမ်းခြောက် အပြစ်ပေးတာတွေ ရှိခဲ့ကြောင်း၊ ဥပမာ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ အခုအခါ ထိန်းသိမ်းရာကနေ ပြန်လွတ်လာ ကြပြီ ဖြစ်တဲ့ ဘလော့ဂါ နေဘုန်းလတ်၊ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တို့ကို ဒီ အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် အပြစ်ပေးခဲ့တာတွေ ရှိခဲ့ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

ဒီဥပဒေအရ ထောင်ဒဏ် ၇နှစ်ကနေ အများဆုံး ၁၅နှစ် အထိ ချမှတ်နိုင်ခွင့် ပေးထားရာမှာ အခုအခါ အနည်းဆုံး ၃နှစ်ကနေ အများဆုံး ၇နှစ်အထိ ပြင်ဆင် သတ်မှတ်ပေးဖို့ကို သူ့အနေနဲ့ အဆို တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းကို ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်ကလည်း လွှတ်တော်မှာ ထောက်ခံပြောသွားပါတယ်။

ဒီ ဥပဒေကြမ်းကို လွှတ်တော်က လက်ခံလိုက်ပြီ ဖြစ်လို့ ဥပဒေကြမ်း ကော်မတီက အသေးစိတ် လေ့လာပြီးတဲ့အခါ လွှတ်တော်မှာ အသေးစိတ် ဆွေးနွေးပြီး ပြင်ဆင် အတည်ပြုမှာ ဖြစ်ပါတယ်။