ထိုင်းမြန်မာနယ်စပ်ဂိတ် ၄ ခု မှ ဝင်ထွက်ခွင့်

  • 22 ဩဂုတ် 2013
thai_burma_border
Image caption ထိုင်း မြန်မာ နယ်စပ် မဲဆောက် မြဝတီ ဂိတ်

ထိုင်း-မြန်မာနယ်စပ် တရားဝင် ဂိတ် ၄ ခု ကနေ နိုင်ငံခြားသား၊ ထိုင်းနဲ့ မြန်မာနိုင်ငံသား တွေကို နိုင်ငံကူး လက်မှတ်နဲ့ ဝင်ထွက် သွားလာ ခွင့်ပြု တော့ မှာ ဖြစ်ပါတယ်။ အခုလ ၂၈ ရက်နေ့ လာမယ့် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီမှာ စတင် ခွင့်ပြု သွားမှာ ဖြစ် ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က တရားဝင် နယ်စပ်ဂိတ် ၄ ခု ဖြစ်တဲ့ တာချီလိပ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင် - ရနောင်းနဲ့ ထားဝယ် မြို့နယ် ကို ဆက်ထားတဲ့ ထီးခီး - နမ့်ဖုရောန့် နယ်စပ်ဂိတ် တွေ ပဲဖြစ်ပါတယ်။ အခုလို ဝင်ထွက် သွားလာခွင့် ပြုတော့ မှာဖြစ်တဲ့ အကြောင်းကို လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်း က ဘီဘီစီ ကို အတည်ပြု ပြောကြားပါတယ်။

နယ်စပ်ဂိတ် က ဝင်ပြီး ရန်ကုန်-မန္တလေး လေဆိပ် က ပြန်ထွက် တာပဲဖြစ်ဖြစ်၊ ထိုင်း-မြန်မာ နယ်စပ်ဂိတ် တခုကပဲ ဖြစ်ဖြစ် ထွက်ခွာ သွားလာ ခွင့် ပေးထား ပါတယ်။ နိုင်ငံကူး လက်မှတ် တွေနဲ့ ဝင်ထွက် သွားဖို့ ကိုတော့ ထိုင်း နဲ့ မြန်မာသံရုံး တွေမှာ ပြည်ဝင်ခွင့် ဗီဇာ ကြိုတင် ယူထားရ မှာ ဖြစ်ပါတယ်။ ဒါက နိုင်ငံကူး လက်မှတ် နဲ့ သွားလာမယ့် သူတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား တွေ အတွက် နိုင်ငံကူး လက်မှတ် မလိုပဲ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ် နဲ့ နယ်စပ် ကနေ မိုင် ၁၃ဝ လောက်အထိ ဝင်ထွက် သွားလာခွင့် ပြုဖို့ ကို တော့ နိုင်ငံအစိုးရ တွေ အကြား ဆက်လက် ဆွေးနွေး နေတုန်းဖြစ်ပါတယ်။ မကြာခင် မှာ အကောင်အထည် ဖေါ်နိုင်လိမ့်မယ် လို့ မျှော်လင့် ရကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်း က ဘီဘီစီ ပြောပါတယ်၊