လုံခြုံရေး မပေးဘူးလို့ ကင်တားနား အပြစ်ဆို

  • 22 ဩဂုတ် 2013
quintana
Image caption လုံခြုံရေး မရခဲ့ဘူးဆိုတဲ့ မစ္စတာ ကင်တားနား

ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားက မိတ္ထီလာ မြို့ကို အဖြတ်မှာ သူ့ကားကို ဆန္ဒပြသူ တွေက တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက လုံလောက်တဲ့ ကာကွယ်မှု မပေးခဲ့ဘူးလို့ ပြစ်တင် ပြောကြားလိုက်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေး ရှေ့နေ ဖြစ်တဲ့ ဦးမင်းလွင်ဦးရဲ့ အမြင်ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ မစ္စတာ ကင်တားနား စီးလာတဲ့ ကားကို ဆန္ဒပြသူ တွေက တိုက်ခိုက်စဉ်မှာ လုံခြုံရေး အတွက် လိုက်ပါလာသူ တွေက ရန်ပြုသူတွေ ဘက်ကို မျက်နှာမူ မတားဆီးဘဲ ကားဘက်ကို လက်ထောက် ကြည့်နေတဲ့ အဖြစ်ကို သူကိုယ်တိုင် မြင်တွေ့ သွား တဲ့ အခါမှာ ဒီဆန္ဒပြပွဲက သာမန်ပြည်သူ တွေရဲ့ ဆန္ဒပြပွဲလား၊ ဒါမှမဟုတ် အဖွဲ့အစည်း တခုခုက စီမံမှုကြောင့်လားလို့ စဉ်းစားဟန်တူကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ညမထွက်ရ အမိန့်ထုတ်ထားတဲ့ ဒေသမှာ အခုလို ဖြစ်တာဟာ စိုးရိမ် စရာ ဖြစ်တယ်လို့ အတွေး ပေါက်သွား နိုင်ကြောင်း ဆိုပါတယ်။

မစ္စတာ ကင်တားနားရဲ့ တွေ့ရှိချက်တွေကို ဘက်လိုက်တယ်လို့ ပြောကြတာနဲ့ ပတ်သက်လို့ မစ္စတာ ကင်တားနားဟာ လူမျိုး မခွဲခြားဘဲ တာဝန်ပေးလာရင် အချက်အလက် တွေကို အမှန်အတိုင်း ဖြစ်အောင် စုစည်း တင်ပြမယ့် လူဖြစ်တယ်လို့ ပြောပါတယ်။ ဘက်လိုက်တယ်လို့ ပြောကြတာက မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာ ထွက်ပေါ်လာမှာကို စိုးရိမ်တဲ့ လူတစုက ကြားက ကန့်ကွက် တားဆီးတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အရင်တွေ့ရှိချက် တွေက အောက်ခြေမှာ ဖြစ်နေတာနဲ့ မကိုက်ညီဘူးလို့ မြန်မာ အစိုးရ ဘက်က ပြောနေတာနဲ့ ပတ်သက်လို့တော့ မစ္စတာ ကင်တားနား ဒီတခေါက် ပြန်လာတော့ ဒုက္ခသည် စခန်း တွေမှာ အခြေအနေတွေ ပိုဆိုး လာတာကို တွေ့ရတော့ အရင် သူအကြံ ပြုထားတာ တွေကို မဆောင်ရွက်ဘူး၊ မတရား ဖမ်းဆီး ထိန်းသိမ်း ခံနေရသူ တွေနဲ့ ပတ်သက်လို့ သူအကြံပြု ထားတာတွေ ဟာလည်း ဘာမှ တိုးတက်မှု မမြင် ရတော့ သူ့ဘက်က အကျိုး တစုံတရာ မဖြစ်ဘူးလို့ မြင်နိုင် ရေးနိုင်တဲ့ အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး သူ့ဘက်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ အထွေထွေ ညီလာခံကို တင်ပြမယ့် အစီရင်ခံစာ ထဲမှာ ဒါတွေကို တင်လိုက်ရင် မြန်မာ အစိုးရဘက်က တော်တော် ရှင်းယူ ရမှာဖြစ်ကြောင်း၊ အဲဒါကြောင့် ပြည်သူတွေက လက်မခံလို့ အစိုးရဘက်က လိုက်မလုပ် နိုင်တာ ပါဆိုပြီး အကြောင်းပြနိုင်အောင် စီမံဖန်တီးတယ်လို့ ယူဆတဲ့ အကြောင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ