လုပ်ငန်းငယ် စမယ်ဆိုရင် မှတ်ပုံတင်ကြေးမယူဘဲ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ပေးမယ်

  • 25 ဩဂုတ် 2013
မြန်မာနိုင်ငံက ရေထွက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ

အလုပ်သမား ၂၅ ယောက်ထက် နည်းတဲ့ စီးပွားရေး လုပ်ငန်း ငယ်တွေကို စတင်မယ် ဆိုရင် လုပ်ငန်း မှတ်ပုံတင်ကြေး မယူဘဲ သုံးနှစ်အခွန် ကင်းလွတ်ခွင့်တွေ ပေးမယ့် အစီအစဉ်ကို မြန်မာအစိုးရက စတင် ဆောင်ရွက်နေပါတယ်။

Free to Start Small ဆိုတဲ့ လှုပ်ရှားမှုနဲ့ပ တ်သက်တဲ့ ကြော်ညာ စည်းရုံးမှုတွေလည်း တွေ့ရပါတယ်။

ဒီလှုပ်ရှားမှုတွေမှာ မင်္ဂလာ မြန်မာ ပရဟိတအဖွဲ့က ၀င်ရောက် ကူညီ နေတာကို တွေ့ရပြီး အဲဒီအဖွဲ့ကိုတည်ထောင်သူကတော့ ဒေါက်တာဖုန်း၀င်း ဖြစ်ပါတယ်။

လုပ်ငန်းငယ်လေးတွေ စဖို့ အခွန်လျော့ပေါ့ပေးတာ ၊ မှတ်ပုံတင် ကင်းလွတ်ခွင့်နဲ့ မှတ်ပုံတင် ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ဖြေလျော့ ပေးဖို့ လုပ်ပေးဖို့ လိုကြောင်း ဒေါက်တာ ဖုန်းဝင်းက ရှင်းပြခဲ့ပါတယ်။

တကယ်တော့လည်း မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းသစ်တခုကို စဖို့ ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။

လုပ်ငန်းလေးတွေစဖို့၊ တိုးတက်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကုန်သည်နဲ့စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦး၀င်းအောင်က ဘီဘီစီကို ပြောပြရာမှာ ဘဏ်တွေက ငွေချေးရင် အပေါင် ထားနိုင်ဖို့ ပိုင်ဆိုင်မှု မရှိတာဟာ အခက်အခဲ တခုလို့ သူက ဆိုပြီး လုပ်ငန်း မြတ်တဲ့ အပေါ် တွက်ချက် ငွေချေးတဲ့ စံနစ် တည်ထောင်ထားဖို့ လိုတယ်လို့ သူက ပြောပါတယ်။

နောက်ပြီး စျေးကွက်သိဖို့ လိုသလို စျေးကွက်က လိုတဲ့ အရည်အသွေးကို ထုတ်နိုင်တဲ့ အရည်အချင်း ရှိဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။ ဒါတွေအားလုံး မပြည့်စုံပေမယ့် ကြိုးစားပြီး စွန့်စားလုပ်ကိုင်ချင်သူတွေ ကျတော့ရော အောင်မြင်ဖို့ အခွင့်အလမ်းမရှိတော့ဘူးလားလို့ ဦး၀င်းအောင်ကို မေးမြန်း ကြည့်တဲ့ အခါ သူက အောင်မြင်နိုင်ကြောင်း မိတ်ဆွေတွေ စုပေါင်းပြီး ငွေအရင်းအနှီး မတည်ကာ ဖန်တီးမယ် ဆိုရင် ပြည်တွင်းက ကုန်ကြမ်းတွေကို ထုတ်ရောင်းပြီး ပြည်ပက ကုန်ချောတွေ တင်သွင်း အသုံးပြု နေကြမယ့် အစား ကိုယ့်နိုင်ငံတွင်းမှာဘဲ ကုန်ကြမ်းက ကုန်ချော ထုတ်လို့ လုပ်ငန်းရှင်ငယ် လေးတွေ အတွက် အခွင့်အလမ်းတွေ ရနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အခွင့်အလမ်း ဆိုတာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သူက ထောက်ပြ ပြောဆို သွားခဲ့ပါတယ်။ အခွင့်အလမ်းတွေ ရှိသလို စွန့်စားမှုတွေကလည်း အများကြီး ရှိပါတယ် ၊ ဘာဘဲဖြစ်ဖြစ် အစိုးရရဲ့ ဖြေလျှော့ပေး မှုတွေကြောင့် လုပ်ငန်းငယ်လေးတွေ အကျိုးရှိမှာ ဖြစ်ပေမယ့် တကယ်တမ်း အောင်မြင်တဲ့ လုပ်ငန်း ငယ်လေးတွေ များလာအောင် ဆိုရင်တော့ သူတို့အတွက် မြေနေရာ၊ ငွေကြေး၊ နည်းပညာနဲ့ ဈေးကွက်စတဲ့ တခြား လိုအပ်ချက်တွေကိုလည်း စဉ်းစား ဖြည့်ဆည်းပေးဖို့ လိုလိမ့်မယ်လို့ လုပ်ငန်းရှင် တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ