ကင်တားနားက ကုလသမဂ္ဂ လုံခြုံရေးဌာနကို တင်ပြ

  • 24 ဩဂုတ် 2013
Quintana
Image caption ကင်တားနားက မြန်မာပြည်ကို ၈ ကြိမ်မြောက်ခရီးအဖြစ် သွားရောက်ခဲ့

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ မိတ္ထီလာမှာတုန်းက လူအုပ်က သူ့ကားကို ဝိုင်းပြီး မှန်နဲ့ တခါးတွေကို ထုပုတ်ခဲ့တဲ့ အဖြစ်အပျက်ကို သူ့ဘက် တကယ့်ဖြစ်စဉ် အချက်အလက်နဲ့ တကွ ထုတ်ပြန်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပြီး ဒီအဖြစ်အပျက်မှာ သူနဲ့အတူ အခြား ကုလသမဂ္ဂ ဝန်ထမ်းတွေလည်း ပါဝင်ခဲ့တယ်လို့ ၁၀ ရက်ကြာ မြန်မာခရီးက အပြန် ဘန်ကောက်မြို့ ရောက်ရှိခိုက် ဘီဘီစီကို ပြောပါတယ်။

''ကျွန်တော်နဲ့ အတူ ကုလသမဂ္ဂ ဝန်ထမ်း ၃ ဦးအပြင် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်လည်း လိုက်ပါလာပါတယ်။ သူတို့လည်း ကျွန်တော့်လိုပဲ ကြုံတွေ့ ခံစားခဲ့ကြရတယ်။ အားလုံး တုန်လှုပ် ခြောက်ခြား ခဲ့ရပါတယ်။ ဌာနေကိုယ်စားလှယ် ကိုယ်စားလှယ်ဆိုတာ ဒီနိုင်ငံအတွက် ကုလသမဂ္ဂကို ကိုယ်စားပြုရသူပါ။ ဒီကိစ္စက အရေးကြီးပါတယ်။ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ရှိတဲ့ လုံခြုံရေး ဆိုင်ရာ ဌာနကို တင်ပြ ထားပြီးပါပြီ'' လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

လူအုပ်က သူတို့ကို ဘာကြောင့် ရန်လို တိုက်ခိုက်တယ်ဆိုတာကို သူ မပြောနိုင်ပေမဲ့ သူရဲ့လုပ်ဆောင်ချက်တွေကို မကျေနပ်ဘူးဆိုရင် သူဘက်က ဆွေ့နွေးဖို့ အမြဲတမ်း အဆင့်သင့်ရှိတယ် လို့ မစ္စတာကင်တာနားက ဖြည့်စွက် ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ အခါမှာတော့ မြန်မာ သမ္မတက နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ကြားရတဲ့ အတွက် ကြိုဆိုပေမဲ့ နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနေတာကို တွေ့ရတဲ့ အတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တုန်းက ဒီကိစ္စကို ဆွေးနွေးဖြစ်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားဆန္ဒပြလို့ နောက်ထပ်အဖမ်းခံရတဲ့ သူတွေကို အစိုးရက နိုင်ငံရေးအကျဉ်းသားလို့ လက်မခံတဲ့ အကြောင်းပြောပြတဲ့ အတွက် သူစိုးရိမ်မကင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ် လိုင်ဇာက လွဲရင် သူသွားဖို့ စီစဉ်ထားတဲ့ နေရာ တွေကို သွားရောက် လေ့လာ ခွင့်ရခဲ့ပြီး ပြည်တွင်းမှာ အဘက်ဘက်က တိုးတက်မှုတွေ ရှိနေတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့ အချက်ဖြစ်ပေမဲ့ တဘက်မှာလည်း ကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေ ရှိနေဆဲမို့ ဒီစိန်ခေါ်မှုတွေကို အစိုးရနဲ့ နိုင်ငံရေးပါတီတွေ အတူလက်တွဲ ကိုင်တွယ်နိုင်မှသာ အသွင် ကူပြောင်းရေးဟာ ချောမွေ့ အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ