ရန်ကုန် ရေကြီး မြို့ခံတွေ အခက်ကြုံ

  • 23 ဩဂုတ် 2013
Image caption ရန်ကုန် ရေကြီးမှုနဲ့ လမ်းဘေးစျေးသည် အခြေအနေ

ရန်ကုန်မြို့မှာ မိုးကြီး ရေလျှံ ဖြစ်နေတဲ့ အတွက် မြို့တွင်း သွားလာသူတွေ ဒုက္ခရောက် ကြရသလို ကားတွေနဲ့ သွားသူတွေလည်း ကားရေနစ်လို့ ဖြစ်တဲ့ နေရာမှာ ပစ်ထားခဲ့ရသူတွေ ရှိသလို ကားထဲ ရေဝင်လို့ ရေခပ်ထုတ် နေရတဲ့ သူတွေလည်း ရှိနေပါတယ်။

ပုဇွန်တောင်ချောင်း ကလည်း ရေတက် ၊ လေရော မိုးရော ကျတာကလည်း နှစ်ရက် ရှိပြီ ဖြစ်တာကြောင့် မနေ့က မနက်က ဆိုရင် ပုဇွန်တောင်ချောင်း တံတားက ကွန်ကရစ် တိုင်တောင် ကျိုးသွားတယ်လို့

ပုဇွန်တောင်ဖက်မှာ နေထိုင်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မီးကလည်း ပျက်ပြီး မိုးရွာရင် ရေတအားပါတယ်လို့ မြို့ခံက ဆိုပါတယ်။

ကားဘီးတွေ ရေမြုပ်တဲ့ အပြင် မြို့ထဲမှာ မီးပွိုင့်တွေမှာ ကားတွေက ရွေ့တယ် ဆိုရုံသာ သွားနေရတာကြောင့် တနေရာနဲ့ တနေရာ သွားဖို့ အချိန် အတော် ယူရတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းနေ လူထုအပြင် လှိုင်သာယာ စက်မှုဇုံဖက် အလုပ်ဆင်း ကြရတဲ့ သူတွေပါ မိုးထဲလေထဲ သွားလာကြတဲ့ အခါမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လှိုင်သာယာ စက်မှုဇုန် ကနေ ဘုရင်နောင် မီးပွိုင့်ကို ဖြတ်တာ ၁ နာရီခွဲ ကြာတယ်လို့ ကိုယ်တွေ့ ကြုံခဲ့တဲ့ ခရီးသွား တယောက်က ပြောပါတယ်။

လမ်းတလျှောက် ကားတွေက ရေဝင်လို့ ပျက်တာ တွေ အများအပြား တွေ့ရပြီး သီရိမွန် ပလာဇာ ဖက်ကဆိုရင် အနိမ့်ပိုင်း ဖြစ်တာကြောင့် ကားတွေဟာ ရေတောထဲ မောင်းနေသလိုမျိုး မြင်ရတယ်လို့ ဆိုပါတယ်။

လပြည့်ကျော် ရက်လည်းဖြစ် ရေကြီးမယ်လို့ မိုးလေ၀သ ခန့်မှန်းချက် ထုတ်ထားတဲ့ အတိုင်း ရေကြီး မိုးသည်းထန် တာကြောင့် ရန်ကုန်တမြို့လုံး ရေလွှမ်းသွားတယ်လို့ ပြောပါတယ်။

လူထု အနေနဲ့လည်း အစိုးရဆီက အကူအညီ ကလည်း မရ ၊ တယောက်ကို တယောက်လည်း မကူညီနိုင် ဖြစ်နေကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ