မန်းတက္ကသိုလ်မှာ ကြေးရုပ် စိုက်မယ်

  • 25 ဩဂုတ် 2013
mandalay
Image caption မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရာ မန်း တက္ကသိုလ်

၁၉၄၇ ခုနှစ်က မန္တလေး ယူနီဗာစီတီ ကောလိပ် ကို စတင် ထူထောင်ခဲ့တဲ့ ဒုတိယ အဓိပတိ ဟောင်း ဦးကိုလေးရဲ့ ကြေးရုပ်ကို တက္ကသိုလ် ရှေ့မှာ စိုက်ထူဖို့ ပြင်ဆင် နေပြီလို့ ဆရာကြီးရဲ့ သားဖြစ်သူ ဦးမြင့်သိန်းထွေးက ပြောပါတယ်။

ဒါဟာ စစ်ပြီးခေတ် မြန်မာ တက္ကသိုလ် အကြီးအကဲ တယောက်ရဲ့ ကြေးရုပ်ကို ပထမဆုံး စိုက်ထူမှာ လည်း ဖြစ်ပါတယ်။

ဦးကိုလေး ကြေးရုပ်ကို မန္တလေး တက္ကသိုလ်ထွက် ပါမောက္ခ ဟောင်းများနဲ့ ကျောင်းသားကြီး ဟောင်း တချို့က ကမကထပြု သွန်းလုပ် ခဲ့တာ ဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နေ့ ကလည်း သူ့ရဲ့ ရာပြည့်ပွဲကို မန္တလေး တက္ကသိုလ် မှာ ကျင်းပ ခဲ့ပါတယ်။

တက္ကသိုလ် ပါမောက္ခချုပ် များနဲ့ ကျောင်းသား ဟောင်းကြီးများ တက်ရောက် ခဲ့ကြပြီး မန္တလေး တက္ကသိုလ် တည်ထောင်စ ကာလ ရုန်းကန် ကြိုးစား ခဲ့မှုတွေနဲ့ ဦးကိုလေးရဲ့ ပြုစု ပျိုးထောင်ခဲ့ပုံ တွေကို အမှတ်တရ ပြောကြား ခဲ့ကြသလို သူပြုစု ရေးသား ခဲ့တဲ့ စာပေ လက်ရာ တွေ အကြောင်း တက္ကသိုလ် ပညာရှင်တွေက စာတမ်းတွေ ဖတ်ကြား ခဲ့ကြပါတယ်။

ဦးကိုလေးဟာ စစ်ကိုင်းမြို့ ဇာတိ ဖြစ်ပြီး စစ်အတွင်း လန်ဒန် တက္ကသိုလ်မှာ ဓာတုဗေဒ မဟာသိပ္ပံ ဘွဲ့ကို သင်ယူခဲ့ ပါတယ်။

စစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း အစိုးရ လက်ထက်မှာ ပညာရေး ဝန်ကြီး မစ္စတာ ရာဇတ် တာဝန်ပေးမှုနဲ့ တက္ကသိုလ် ဖွင့်လှစ်ရေး ကြိုးပမ်း ခဲ့သူ ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ် ကနေ သီးခြား ကင်းလွတ်တဲ့ မန္တလေး တက္ကသိုလ် တည်ထောင် နိုင်ခဲ့ပြီး ၁၉၆ဝ ကျော်ထိ ဒုတိယ အဓိပတိ အဖြစ် ဦးကိုလေးက စီမံ အုပ်ချုပ် ခဲ့ပါတယ်။

အစိုးရ မထိန်းချုပ် ခင်က မန္တလေး တက္ကသိုလ်မှာ စိုက်ပျိုးရေး၊ ဆေး၊ လူမှုရေး စတဲ့ မဟာဌာန ကြီးတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ် တည်ထောင်ခဲ့မှုကြောင့် ခေတ်နောက်ကျပြီး ဖွံ့ဖြိုးမှု နှေးကွေးတဲ့ မြန်မာ နိုင်ငံ အထက်ပိုင်းရဲ့ ပညာရေး လူမှုရေး နိုးကြားမှု ဟာ ကိုလိုနီ ခေတ်ကထက် အများကြီး တိုးတက် သွားခဲ့ပါတယ်။

ဦးကိုလေးဟာ ထင်ရှားတဲ့ ဗုဒ္ဓစာပေတွေ ပြန်ဆိုခဲ့သူ ဖြစ်သလို သီပေါမင်းနဲ့ နယူးယောက်တိုင်း သတင်းစာ၊ စက္ကူဖြူ ပြဇာတ်တို့လို နိုင်ငံရေးနဲ့ သမိုင်း စာအုပ် တွေကို ဇေယျာမောင် အမည်နဲ့ ရေးသားခဲ့ပါတယ်။

သာသနာ့ တက္ကသိုလ် တွေမှာ ပါမောက္ခ အဖြစ် ကွယ်လွန်ချိန်ထိ ဆောင်ရွက် ခဲ့တဲ့ ဦးကိုလေးရဲ့ ရာပြည့် အမှတ်တရ ဟောပြောပွဲ တွေနဲ့ တရားပွဲ တွေကို မန္တလေး မြို့မှာ ကျင်းပ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ