မြန်မာ့ ပုံနှိပ်ဥပဒေကြမ်း အတည်ပြု

  • 26 ဩဂုတ် 2013
burma_newspaper_3
Image caption မြန်မာ စာနယ်ဇင်းနဲ့ ပုံနှိပ်ဥပဒေ

မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန က အဆိုပြု တင်ပြ ထားတဲ့ ပုံနှိပ်ဥပဒေကြမ်း ကို မနေ့ က အမျိုးသား လွှတ်တော်မှာ အတည် ပြု လိုက် ပါပြီ။ ဒီဥပဒေကြမ်းပါ အချက်တချို့ ကို မြန်မာစာနယ်ဇင်း ကောင်စီ ယာယီ က ပြင်ဆင် ရေးဆွဲ ဖို့ တောင်းဆိုချိန် မှာ အတည် ပြု လိုက် တာပါ။

လွှတ်တော် ဥပဒေကြမ်း ကောင်စီ အဖွဲ့ဝင် မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ဒီ ပုံနှိပ်ဥပဒေကြမ်း မှာ ပြင်ဆင်သင့်တဲ့ အချက် တွေ ကို အမျိုးသား လွှတ်တော်က ပြင်ဆင်ပေး လိုက်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ပုံနှိပ်ဥပဒေကြမ်း ကို စာနယ်ဇင်း ကောင်စီ ယာယီ ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့ ဦးဇော်သက်ထွေး က ကျေနပ်မှု ရှိတဲ့ အကြောင်း၊ ဒီဥပဒေကြမ်းပါ အချက်တွေ ကို ပြန်ကြားရေး ဝန်ကြီးဌာန က ရေးဆွဲပြီး ပြည်သူ့လွှတ်တော် မှာ အတည်ပြုပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် စာနယ်ဇင်း လွတ်လပ်ခွင့် ကို ထိန်းချုပ်လို့ ရတဲ့ အချက် အလက်တွေ ပါနေလို့ မီဒီယာ လောက နဲ့ ဥပဒေ ပညာရှင် တချို့ က ဝေဖန် ထောက်ပြ ခဲ့ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အဲဒီ အတွက် အမျိုးသားလွှတ်တော် ကိုသွားပြီး ပြင်ဆင်လိုတဲ့ အချက်၊ သဘောမတူတဲ့ အချက်တွေ ကို ဆွေးနွေးခဲ့ ရာမှာ ထောက်ပြတဲ့ အချက် ပြင်ဆင်ပေးခဲ့ ကြောင်း၊ ဒါပေမယ့် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ကို သီးခြားခွဲပြီး ပြန်ကြားရေး ဝန်ကြီးဌာန က ဥပဒေ ရေးဆွဲခြင်းဟာ အခုကာလ ဟာ အသွင်းကူးပြောင်းခြင်း ကာလ ဖြစ်နေတဲ့ အတွက် အပြည့်အဝ လွတ်လပ်ခွင့် ပေးဖို့ အဆင်သင့် မဖြစ်သေးတာကို ရှင်းပြတဲ့ အကြောင်း စာနယ်ဇင်း ကောင်စီ ယာယီ ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့ ဦးဇော်သက်ထွေး က ဘီဘီစီ ကို ပြောပါတယ်။