ကေအင်အယ်အေရဲ့ ခြောက်လပတ် အစည်းအဝေး

  • 27 ဩဂုတ် 2013
Image caption သောင်းရင်းမြစ် နံဘေးက ကေအန်ယူ တပ်တွေ

ကေအင်ယူရဲ့ စစ်တပ် ဖြစ်တဲ့ ကေအင်အယ်အေရဲ့ ခြောက်လပတ် အစည်းအဝေးကို သူတို့ရဲ့ ဌာနချုပ်မှာ မနေ့ကစပြီး ၃ ရက်တာ ပြုလုပ်သွားမယ့် အစီအစဉ်မှာ လက်ရှိအစိုးရနဲ့ လုပ်ထားတဲ့ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီးတော့၊ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက၊ ကေအင်အယ် အေဌာနချုပ် သေဘေထမှာ ပြုလုပ်နေတဲ့ ၆ လပတ်အစည်းအဝေးမှာ သူတို့က အစိုးရနဲ့ လက်ရှိ လုပ် ထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ တနှစ်ကျော်နေပြီဖြစ်ပေမဲ့ ရှေ့ကိုဆက်မသွား နိုင်သေးတာနဲ့ ပတ်သက်ပြီးတော့၊ တပ်မှူးတွေကြားမှာ ဆွေးနွေးဖို့ရှိတယ်လို့ ကေအင်အယ်အေ ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

ကေအင်ယူနဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိစ္စကို ဒီခြောက်လပတ် အစည်းအဝေးမှာ ဆွေးနွေးကြမယ်ဆိုတာကို ကေအင်အယ်အေ စစ်ဉီးစီးချုပ်၊ ဗိုလ်ချုပ်ကြီး စောဂျော်နီ ဘီဘီစီကို ပြောကြားရာမှာ ကျွန်တော်တို့ ပြန်လည် သုံးသပ်မှာပါ ၊ ဒီခြောက်လပတ်မှာ အခြေအနေ ဘယ်လိုလဲ ဆိုတာ နောက်ပြီးတော့ ဒီတနှစ်ကျော်မှာ အပစ်အခတ် ရပ်စဲရေးဟာ၊ ဘယ်အဆင့်အထိ ရောက်ပြီလဲ ဆိုတာကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အထိ ကျွန်တော်တို့ သွားမှာပါ ၊ ကျွန်တော်တို့ မှန်မှန်ကန်ကန်ဘဲ လုပ်မှာ ဖြစ်ကြောင်းနဲ့ အာဏာက နိုင်ငံတော် အစိုးရလက်ထဲမှာသာ ရှိပြီး အနှစ်ခြောက်ဆယ်မှာ လူထုပဲနစ်နာ ကြရတယ် ၊ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေဇာပင်ဟာ ပြည်သူပဲပေါ့ လို့ သူက ပြောပါတယ်။

အပစ်အခတ် ရပ်စဲပြီးနောက် ဆက်လုပ်ရမယ့် ကိစ္စတွေကို အကောင်အထည် မဖေါ်နိုင်သေးတာကိုလည်း ဗိုလ်ချုပ်ကြီး စောဂျော်နီ ထောက်ပြရာမှာ ခုပထမ ခြေလှမ်း ပဏာမ အပစ်အခတ် ရပ်စဲရေးကနေ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး၊ နေရာ ပြန်လည်ချထားရေးတို့ နယ်မြေသတ်မှတ်ရေးတို့ ဒီတပ်တွေ ပြန်လည်လျှော့ချဖို့ ဘာတခုမှလည်း သူတို့တွေ အကောင် အထည်ဖော်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ကေအင်ယူနဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်ကြားမှာ ဆက်သွယ်နိုင်မယ့် ဆက်ဆံရေးရုံး တချို့ကိုတော့ ဖွင့်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ကေအင်ယူရဲ့ စစ်တပ်ဖြစ်တဲ့၊ ကေအင်အယ်အေ တပ်မဟာ ၇ ခု အထဲက ၅ ခုရဲ့ ဆက်ဆံရေး ရုံးတွေကို ဖွင့်နိုင်ခဲ့ပြီးတော့၊ တပ်မဟာ ၂ နဲ့ ၅ တို့ရဲ့ ဆက်ဆံရေးရုံးတွေကို မကြာခင်မှာ ဖွင့်နိုင်ဖွယ်ရှိတယ် လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ