UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ ဆွေးနွေးဖို့ သဘောတူ

  • 28 ဩဂုတ် 2013
Image caption ဆွေးနွေးပွဲမှာ ပြည်ပက လေ့လာသူတွေ ဖိတ်ဖို့ UNFC တောင်းဆို

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ခု နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ် ကောင်စီ UNFC နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ လာမယ့် စက်တင်ဘာ လဆန်းပိုင်းကျရင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူ အတည်ပြုနိုင်ခဲ့ကြပါတယ်။

သြဂုတ်လ ၂၇ရက်နေ့က ချင်းမိုင်မြို့မှာ UNFC အဖွဲ့ဝင် ရခိုင်အမျိုးသား ကောင်စီ ANC ဒုတိယ ဥက္ကဌ ဒေါက်တာ ခင်မောင် ဦးဆောင်တဲ့ UNFC လုပ်ငန်းပိုင်း ဆိုင်ရာ အကြံပေးအဖွဲ့ နဲ့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူချက် ရယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်လမှာ နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးတဲ့အခါ လွယ်ကူစေဖို့ နှစ်ဦးနှစ်ဘက် ဆွေးနွေးလိုတဲ့ အချက်အလက်တွေကို ကြိုတင် ညှိနှိုင်းခဲ့ကြတယ်လို့ MPC ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြံပေး အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဦးညိုအုန်းမြင့်က ဘီဘီစီကို ပြောပြပါတယ်။

လဆန်းတုန်းက တိုင်းရင်းသားတွေဘက်က ရရှိထားတဲ့ ဆုံးဖြတ်ချက်၊ သူတို့ လိုချင်တဲ့ နိုင်ငံရေး ပုံသဏ္ဍာန်၊ စတာတွေကို ကြိုတင် ဆွေးနွေး ညှိနှိုင်းခဲ့ ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်ဦးနှစ်ဖက် တွေ့ဆုံတဲ့အခါမှာ UNFC အနေနဲ့ ပြည်တွင်း ပြည်ပက လေ့လာသူတွေကို ဖိတ်ခေါ်ဖို့ကိုပါ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာ ငြိမ်းချမ်းရေးစင်တာ လုပ်ငန်းပိုင်း ဆိုင်ရာ အကြံပေး အဖွဲ့က ပြည်ပက လေ့လာသူတွေခွင့်မပြုပဲ မြန်မာနိုင်ငံတွင်းက လေ့လာသူတွေကိုသာ ခွင့်ပြုမယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း ဆွေးနွေးပွဲမှာပါဝင်တဲ့ UNFC အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

နှစ်ဦးနှစ်ဘက် ဆွေးနွေးပွဲ ပြုလုပ်မဲ့ ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပဲ နောက်မှ အစိုးရဖက်ကနေ ထပ်မံ အကြောင်းကြားလာမယ်လို့ ပြောပါတယ်။