မလေးရှားမှာ တရားမဝင် အလုပ်သမားတွေကို ဖယ်ရှားမယ်

Image caption မလေးရှားမှာ တရားမဝင် နေထိုင်အလုပ် လုပ်နေသူတွေထဲမှာ အင်ဒိုနီးရှား လူမျိုးတွေက အများဆုံးဖြစ်

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ် နေသူတွေကို အခုလာမယ့် စက်တင်ဘာလ ၁ရက်နေ့က စလို့ နိုင်ငံတဝှမ်း ရှင်းလင်း နှိမ်နင်းမယ့် စစ်ဆင်ရေး တရပ် လုပ်မယ်လို့ မလေးရှားအစိုးရက ထုတ်ဖေါ်ကြေညာထား ပါတယ်။

ဒီ စစ်ဆင်ရေးဟာ တရားမဝင် အလုပ်သမားတွေကို နိုင်ငံထဲကနေ ဖယ်ရှားဖို့ မလေးရှားနိုင်ငံမှာ လုပ်ခဲ့သမျှ စစ်ဆင်ရေးတွေထဲမှာ အကြီးမားဆုံး စစ်ဆင်ရေး ကြီး ဖြစ်ပါတယ်။

နိုင်ငံတဝှမ်း ၃လကြာ အဆက်မပြတ် လုပ်မယ့် နှိမ်နင်းလှုပ်ရှားမှုကြီး ဖြစ်ပြီး တရားမဝင် အလုပ်သမားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ လိုက်လံ ဖမ်းဆီးမှုတွေ စလုပ်နေပြီလို့ သိရပါတယ်။

တရားမဝင် အလုပ်သမား တွေကို ငှားရမ်း ခန့်တဲ့ အလုပ်ရှင်တွေကိုလည်း ဒဏ်ကြေးငွေ ၅သိန်း၊ ထောင်ဒဏ် အနှစ်၂၀ အထိ ချမှတ်နိုင်တယ်လို့ မလေးရှား အာဏာပိုင်တွေက သတိပေးထားပါတယ်။

အခုအခါ အလုပ်ရှင်တွေကလည်း ကြောက်လန့်ပြီး တရားမဝင် အလုပ်သမား တွေကို မငှားရမ်းတော့တဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ကြရသလို အခုရက်ပိုင်းက စလို့ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးတာတွေကြောင့် တရားမဝင် မြန်မာ အလုပ်သမားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မလေးရှားရောက် မြန်မာ အလုပ်သမားတဦးက ဘီဘီစီကို ပြောပြပါတယ်။

တချို့လည်း မြန်မာပြည် မပြန်ပဲ မလေးရှားမှာပဲ တိမ်းရှောင် ပုန်းအောင်းရင်း ဆက်အလုပ်လုပ်ဖို့ စဉ်းစားထားကြသလို မြန်မာပြည် ပြန်ချင်တဲ့ သူတွေကလည်း သံရုံးမှာ CI ခေါ် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား လက်မှတ် လျှောက်ရာ မှာ ကြန့်ကြာမှုတွေ ရှိနေတာကြောင့် မပြန်နိုင်ပဲ သောင်တင်နေကြရ တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားရေးရာ သံအရာရှိ ဦးစိုးဝင်း ကတော့ တရားမဝင် မြန်မာအလုပ်သမားတွေကို အခုလို ဖမ်းဆီး ထိန်းသိမ်းနေတာ တွေဟာ မလေးရှားနိုင်ငံ ဥပဒေအရ လုပ်နေတာ ဖြစ်တဲ့အတွက် မြန်မာ အလုပ်သမားတွေဘက်က ဝင်ရောက် အကူအညီပေးဖို့ အခက်အခဲ ရှိကြောင်း၊ ဒါပေမယ့် မြန်မာပြည်ပြန်ချင်သူတွေကိုတော့ မြန်မာသံရုံးက အတတ်နိုင်ဆုံး အကူအညီပေး ဆောင်ရွက်နေကြောင်း၊ ဘီဘီစီကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေသူပေါင်း ၅သိန်းလောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။