ဘီဘီစီအစီအစဉ်တွေ FM မှာ နားဆင်နိုင်ပြီ

  • 30 ဩဂုတ် 2013
Padamyar FM, BBC Burmese
ဘီဘီစီမြန်မာပိုင်းနဲ့ ပတ္တမြား FM တို့ရဲ့ ပူးတွဲ ထုတ်လွှင့်မှု

ဘီဘီစီမြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ အစီအစဉ် ၂ ခုကို ပြည်တွင်း FM ရေဒီယိုကနေလည်း သြဂုတ်လ ၃၁ ရက်စလို့ ထပ်မံ နားဆင် နိုင်တော့မှာ ဖြစ်ပါတယ်။

ပတ္တမြား FM ကနေ ဘီဘီစီ မြန်မာပိုင်းရဲ့ မိုဘီဂျီနို လူငယ် အစီအစဉ် ကို စနေ့နေ့မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ အပတ်စဉ် ထုတ်လွှင့်မှာ ဖြစ်ပြီး ''တအိမ်ထဲနေ မိတ်ဆွေတွေ'' အင်္ဂလိပ်စာ ပို့ချချက် အစီအစဉ်ကိုတော့ တနင်္ဂနွေနေ့နဲ့ ကြာသပတေးနေ့ နေ့လည် ၁ နာရီ ၅၅ မိနစ်မှာ အပတ်စဉ် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဒီလို ထပ်ဆင့် ထုတ်လွှင့်မှုဟာ ဘီဘီစီအစီအစဉ်တွေကို ပြည်တွင်း FM ကနေ ပထမဆုံး ထုတ်လွှင့်တာလည်း ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း အစီအစဉ်ဟာ လှိုင်းတို ရေဒီယိုကနေ တနေ့ကို လေးကြိမ် ထုတ်လွှင့် ပေးနေတာ ဖြစ်ပြီး အခုလို FM ကနေ ထပ်ဆင့် ထုတ်လွှင့် ပေးနိုင်တဲ့အတွက် ပြည်တွင်းက လှိုင်းတို နားဆင်နေကြ သူတွေအတွက် အခုအခါ FM ကနေ အသံကြည်ကြည် လင်လင်နဲ့ နားဆင်နိုင်တော့မှာ ဖြစ်တယ်လို့ ဘီဘီစီ မြန်မာပိုင်း ဌာနမှူး ဒေါ်တင်ထားဆွေက ပြောပါတယ်။

နောင်မှာဆိုရင် FM ကနေ သတင်းတွေကိုပါ ထုတ်လွှင့်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဒေါ်တင်ထားဆွေက ပြောပါတယ်။

ပတ္တမြား FM ရဲ့ လက်ထောက် ဒါရိုက်တာ ဒေါ်သီတာဆွေကလည်း အခု ထပ်ဆင့် ထုတ်လွှင့်မယ့် အစီအစဉ်တွေကို အထူးသဖြင့် လူငယ် ပရိတ်သတ်တွေ ပိုပြီး စိတ်ဝင်စားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ