ကျိုင်းတုံ မြို့နယ် ရေကြီးမှု ဒေသခံကြုံရ

  • 30 ဩဂုတ် 2013
bbc_flood
Image caption ရေလွှမ်းမိုးဒဏ် ခံနေရတဲ့ ရွာသူ ရွာသားများ

ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် က ရွာပေါင်း ၁၂ရွာ၊ အိမ်ခြေပေါင်း ၁ဝဝ ကျော် ရေလွှမ်းမိုးမှု နဲ့ ကြုံနေရတဲ့ အတွက် နေထိုင် စားသောက်ဖို့ အခက်အခဲ တွေ နဲ့ တွေ့ကြုံ နေရပါတယ်။ လယ်ဧက ပေါင်း ၂ဝဝဝ နီးပါး ရေမြုပ်သွားတဲ့ အတွက် လုံးဝ ပျက်စီးတဲ့ လယ်ဧက ၂ဝဝ ကျော် ရှိပါတယ်။

ကျိုင်းတုံမြို့နယ် အနောက်မြောက်ဖက် ရှိ ကတ်ထိုက်၊ ကတ်တောင် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ က လူတွေ ဟာ တောင်ကုန်း တောင်စောင်း တွေပေါ်မှာ ဖြစ်သလို တဲထိုးနေရတဲ့ အကြောင်း ဒေသခံ က ဘီဘီစီ ကို ပြောပြပါတယ်။

အဆိုပါ ရေကြီးမှု ဟာ ပြီးခဲ့တဲ့ လဆန်း က မိုးသည်းထန်စွာ ရွာတဲ့ အတွက် ချောင်းရေ၊ တောင်ကျရေ တွေ ကြောင့် စီးဆင်းလာရာက လူတွေ အတိဒုက္ခ ရောက်ရာမှာ လူတယောက် ရေထဲ မျောပါ ပျောက်ဆုံးနေပြီး၊ ဒဏ်ရာ ရသူလည်း ရှိကြောင်း သိရပါတယ်။

အခု အချိန်ထိ ရေမကျသေးတဲ့ အပြင်၊ မိုးက ဆက်တိုက် ရွာနေဆဲ ဖြစ်တဲ့ အတွက် နေရေးထိုင်ရေး အခက်အခဲ ဖြစ်နေပါတယ်။ ဒေသခံ အာဏာပိုင်တွေ က လာရောက် ကြည့်ရှုပေမယ့် နေရာ ထိုင်ခင်း အတွက် အကူအညီ မပေးပါဘူး။ စားသောက် ဖို့တော့ အနီးအနား ရွာခံတွေ နဲ့ လူမှု အဖွဲ့အစည်း တချို့ က ကူညီ ကြပါတယ်။ ကျိုင်းတုံမှာ အခုလို ရေကြီးပြီး အိမ်နေရာ တွေ သဲသောင်ပြင် လို ဖြစ်သွားခြင်းဟာ ၊ ဒီတကြိမ် ပထမ ဆုံးလို့ ဒေသခံတွေ က ဘီဘီစီ ကို ပြောပါတယ်။