မြေယာကိစ္စ သမ္မတထံ လွှတ်တော်သဝဏ်လွှာပို့

  • 30 ဩဂုတ် 2013
လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အရင်အစိုးရ လက်ထက်က မြန်မာနိုင်ငံ တဝန်း မှာ စစ်တပ်နဲ့ အစိုးရ ဌာနတွေ သိမ်းယူထားတဲ့ လယ်ယာ မြေဧက သိန်းပေါင်း များစွာအနက် အသုံးမလိုတဲ့ မြေယာတွေကို လယ်သမား တွေထံ အမြန် ပြန်ပေးဖို့ ပြည်ထောင်စု လွှတ်တော်က သမ္မတ ဦးသိန်းစိန်ဆီကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

လယ်ယာမြေ အသိမ်းခံရတာကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေဖို့ စုံစမ်း စစ်ဆေးရအောင် ဖွဲ့စည်းထားတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ ၃ ခု အရ အစိုးရအနေနဲ့ အလျင်အမြန် အရေးယူ ဆောင်ရွက်ပေးဖို့ ဆိုပြီး အစိုးရအဖွဲ့ကို အကြောင်းကြား ခဲ့ပေမယ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ အဆင့်ဆင့်ရဲ့ ဖြေရှင်းဆောင်ရွက်မှု နှေးကွေးနေတယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော်က သမ္မတဆီကို သဝဏ်လွှာ ပေးပို့ခဲ့တာပါ။

ဒီလို နှေးနေတဲ့အတွက် လယ်သမားတွေက အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကိုတောင် သံသယ ဖြစ်လာတဲ့ အနေအထား တွေ့ရတယ်လို့ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ဖတ်ပြတဲ့ သ၀ဏ်လွှာ မှာ ပြောသွားပါတယ်။

အစိုးရဘက် ကတော့ ဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး ခုချိန်အထိ တုံ့ပြန်ချက် တစုံတရာ မထွက်လာသေးပါဘူး။ လွှတ်တော် ဘက်ကတော့ ဒီပြဿနာတွေဟာ အရင် အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိအစိုးရ လက်ထက်မှာ ဖြေရှင်းနိုင်စွမ်း ရှိရမယ်လို့ ဆိုပြီး လိုအပ်တာထက် ပိုပြီး အချိန်မဆွဲပါနဲ့လို့ ဖိအားပေးနေတာကို တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ