ဒုသမ္မတနဲ့ တိုင်းရင်းသား ၂ ဖွဲ့ဆွေးနွေးကြ

  • 31 ဩဂုတ် 2013
ssa_knu-peace_talk
Image caption တပြည်လုံး အပစ်ရပ်ရေး နီးစပ်လာပြီ

နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီရဲ့ ဥက္ကဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောင်ခမ်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ ဖြစ်တဲ့ RCSS/SSA နဲ့ KNU အဖွဲ့တွေ တွေ့ဆုံ ခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ အထူး အကြံပေး မစ္စတာ နမ်ဘီယား အဲဒီ အစည်းအဝေးကို တက်ရောက် ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးဖြစ် ကြသလဲ ဆိုတာကို မြန်မာ ငြိမ်းချမ်းရေး စင်တာက အထူးအကြံပေး ဦးလှမောင်ရွှေ ကို ဆက်သွယ် မေးကြည့်တော့ ပထမအဆင့် အနေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ဒုတိယ အဆင့် အနေနဲ့ အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ရဖို့ နိုင်ငံရေး ဆွေးနွေးပွဲကြီး လုပ်ဖို့နဲ့ အဲဒါတွေ ပြီးရင်တော့ အားလုံး ပါဝင်တဲ့ ညီလာခံကြီးရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစည်းအဝေး တက်လာခဲ့တဲ့ အဖွဲ့တွေ ဘက်ကလည်း ဒါကို ထောက်ခံကြကြောင်းနဲ့ အခုလို များများ တွေဆုံနိုင်လေ ယုံကြည်မှုတွေ ပိုတိုးလာပြီး ညှိနှိုင်းရာမှာ ပိုနီးစပ်လာလေ ဖြစ်တယ်လို့ ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်နိုင်ဖို့ အတွက်တော့ အစိုးရက အောက်တိုဘာ လ လောက်ကို ရည်မှန်းပြီး လုပ်နေတယ်လို့ ဆိုပါတယ်။

တခါ ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား တွေဘက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ် တရပ်ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဘယ်လို လုပ်ငန်းစဉ်မျိုးလဲ ဆိုတာကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့က ဗိုလ်မှူးကြီး စိုင်းလှကို ဆက်သွယ် မေးကြည့်တော့ တိုင်းရင်းသားတွေ စုစည်း ရေးဆွဲထားတဲ့ အပစ်ရပ်စဲရေး၊ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေး ဖို့ မူဘောင် အတွက် သဘောတူညီချက်၊ ပြည်ထောင်စု ညီလာခံ ကျင်းပနိုင်ဖို့နဲ့ ကြားကာလမှာ ဆောင်ရွက်ရမယ့် ကိစ္စရပ် တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေဘက်က စဉ်းစားတာနဲ့ အစိုးရဘက်က စဉ်းစား ထားတာတွေ သိပ်မကွာခြား လှဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် ဆက်လက် ဆွေးနွေးရမယ့် အချက်တွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲနိုင်ရေး အတွက်ကတော့ တိုင်းရင်းသား တွေအတွက် အာမခံချက် တစုံတရာ ရှိစေချင်တယ်လို့ ဆိုပါတယ်။ ဒါကိုလည်း တိုင်းရင်းသား တွေက တစိုက်မတ်မတ် တောင်းဆို နေကြတာ ဖြစ်ကြောင်း၊ အာမခံချက် မရှိရင် အရင်က အပစ်ရပ်ခဲ့ သလို အဖြစ်မျိုး ပြန်ဖြစ် မှာကို တိုင်းရင်းသား တွေဘက်က စိုးရိမ်ကြတဲ့ အကြောင်းနဲ့ ငြိမ်းချမ်းရေး ရဖို့ အတွက်ကိုလည်း မဖြစ် ဖြစ်အောင် လုပ်ဖို့ ဆန္ဒ ရှိတဲ့ အတွက် အစိုးရဘက်ကလည်း ဒါကို လိုက်လျော ပေးနိုင်မယ်လို့ မျှော်လင့် တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှ ရှေ့အဆင့်တွေကို တက်လှမ်း နိုင်မှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။