စာနယ်ဇင်းကောင်စီ (ယာယီ) သမ္မတဦးသိန်းစိန်နဲ့ တွေ့မယ်

  • 1 စက်တင်ဘာ 2013
Image caption မီဒီယာ လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ကျင်းပတုန်းက အခမ်းအနား မြင်ကွင်း

စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် တချို့ပြုလုပ်ပြီး သောကြာနေ့မှာ အတည်ပြုခဲ့ပြီးတဲ့နောက် စာနယ်ဇင်းကောင်စီ ခေါင်းဆောင် တွေ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ အတွက် နေပြည်တော်မှာ ရောက်ရှိ နေကြပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေထဲမှာ သတင်း မီဒီယာသမားတွေကို အကာအကွယ်ပေးဖို့ ဥပဒေ ကြမ်းထဲမှာ ထည့်သွင်းထားတဲ့ အချက်တချို့ကို ဖြုတ်ပစ်ခဲ့တယ်လို့ မီဒီယာသမားတွေဖက်က ပြောပါတယ်။

စာနယ်ဇင်း ကောင်စီဟာ စက်တင်ဘာလ ဆိုရင် တနှစ်ပြည့်ပြီ ဆိုတော့ ဒီအဖွဲ့ကို သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့လည်း ဖြစ်တာကြောင့် ထုံးစံအတိုင်း သမ္မတကို အစီရင်ခံရမှာ ဖြစ်ပါတယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ သတင်းစာဆရာ ဦးဖိုးသောကြာ က ပြောပါတယ်။

ဒါ့အပြင် တနှစ်အတွင်း သူတို့ လုပ်ခဲ့တာတွေကိုလည်း ပြောပြမှာ ဖြစ်ပြီး သမ္မတရဲ့ သဘောထားကို ရယူသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကျန်တာကတော့ အခက်အခဲလေးတွေလည်း တင်ပြသွားမယ်လို့ သူက ပြောပါတယ် ၊ ကျွန်တော်တို့က သမ္မတက တာဝန်ပေးလို့ ကျွန်တော်တို့က မီဒီယာ ဥပဒေတို့ ၊ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေကြမ်းတွေကို ကျွန်တော်တို့ ဆွဲကြတာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

ကျွန်တော်တို့ ဆွဲတာက တိုင်းပြည်နဲ့ အနာဂတ် အတွက် ၊ ဒီမိုကရေစီ နိုင်ငံတော်အတွက် ဆွဲတာပါ ၊ ကျွန်တော်တို့ရဲ့ သတင်းလောကကို ဒီမိုကရေစီ နဲ့ အံဝင်ဖို့ ဆွဲတာပါ ၊ အဲဒီလို အခြေခံတွေ အပေါ်မှာ ဆွဲတာကို သမ္မတကြီး နားလည်အောင် ရှင်းပြရမှာပေါ့လို့ သူက ဆိုပါတယ်။

အမျိုးသား လွှတ်တော်က အတည်ပြုခဲ့တဲ့ သတင်းမီဒီယာ ဥပဒေကြမ်းထဲမှာ မလိုလား အပ်တဲ့ အချက်တွေ ပါနေပြီး ဒီအချက်တွေကို ဘာကြောင့် မလိုလား တာလဲ ဆိုတာကို သမ္မတကို ရှင်းပြမယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ မလိုလားအပ်တဲ့ အချက်တွေ ဆိုတာ ဘာလဲ ဆိုတဲ့ ဘီဘီစီ သတင်းထောက်ရဲ့ အမေးကို သူက ပြန်လည် ဖြေကြားရာမှာ ပြဿနာ တခုခု ဖြစ်လာရင် စာနယ်ဇင်း ကျင့်ဝတ်အရ အရေးယူမယ် ဆိုတဲ့ ကိစ္စကို တရားဥပဒေ အရလည်း အရေးယူမယ်လို့ ဆိုတော့ နှစ်ခါ အရေးယူသလို ဖြစ်သွားမှာပါ ၊ အဲဒီလိုတော့ မဖြစ်သင့်ဘူး ၊ ဒါက နမူနာ အနေနဲ့ ထောက်ပြတာပါလို့ ဦးဖိုးသောကြာက ပြောပါတယ်။

အခု ဥပဒေကြမ်းက အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပေမယ့် ပြည်ထောင်စု လွှတ်တော် နဲ့ ပြည်သူ့ လွှတ်တော်တွေမှာ အတည်ပြု ရဦးမယ် ဆိုတော့ ဖြစ်နိုင်ပါ့မလား လို့ မေးကြည့်တဲ့ အခါ မျှော်လင့်ထားတာထက် ကိုးဆယ် ရာခိုင်နှုန်းလောက်တော့ ရမယ်လို့ ထင်ကြောင်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ