မြန်မာ့သစ်တော အလွန်အကျွံ ခုတ်ရောင်းနေဆဲ

  • 1 စက်တင်ဘာ 2013
_global_witness_
Image caption မြန်မာ့ သစ်တောဖုံး ဧရိယာ ကျဆင်းနေ

မြန်မာနိုင်ငံ မှာသစ်တော ဖုံးလွှမ်းတဲ့ ဧရိယာ ဟာ နိုင်ငံ အကျယ်အဝန်းရဲ့ လေးပုံ တပုံ အောက် ကျဆင်း နေတဲ့ ကြားက သစ် အလွန် အကျွံ ခုတ်ရောင်း မှု တွေ ဆက်ရှိ နေတဲ့ အကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အဖွဲ့ တခု ဖြစ်တဲ့ FREDA ကို ထူထောင် သူ ဦးအုန်း က ဘီဘီစီ ကို ပြောပါတယ်။

တရားဝင် ကိန်းဂဏန်းတွေ ရရှိနိုင်တဲ့ နှစ်စဉ် သစ်ထုတ်နိုင်တဲ့ ပမာဏ၊ Annual Allowable Cut အရဆိုရင် မြန်မာနိုင်ငံ မှာ တနှစ်အတွင်း ကျွန်သစ် ထုတ်လုပ် နိုင်တဲ့ ပမာဏ ဟာ တန်ချိန် ၈ သောင်း ခန့်သာ ရှိပေမယ့် တကယ်တန်း တန်ချိန် နှစ်သိန်း ခန့် ထုတ်နေတဲ့ အတွက် နောက်ထပ် သစ်တော ပြုန်းတီးမယ့် အန္တရာယ် နဲ့ ရင်ဆိုင် နေရတဲ့ အကြောင်း ဦးအုန်း က ဘီဘီစီ ကို ရှင်းပြပါတယ်။

အရင်က ကြိုတင်ရောင်းချထားတဲ့ သစ်တွေ ကို တင်ပို့နေရဆဲ ဖြစ်လို့ ပိုမို ထုတ်လုပ်နေရတယ် လို့ အစိုးရ အာဏာပိုင်တွေ က ပြောသလို နောင် ကို သစ် အလုံးလိုက် ရောင်းခွင့် ပိတ်ပင်မယ် လို့ လည်း ဆိုပါတယ်။ ဒါပေမယ့် ဒီ အစီစဉ် ပင် သိပ်ကို နောက်ကျနေပြီ လို့ ဦးအုန်း က ပြောပါတယ်။

အရင် အစိုးရ ခေတ် က သြဇာ အာဏာ ရှိတဲ့ လူတွေ ကို သစ်ကွက်တွေ ပေးတဲ့ အကြောင်း၊ ဧက ပေါင်း သောင်းနဲ့ သိန်းနဲ့ ချီ ရကြတဲ့ အကြောင်း၊ ဒီလူတွေ က သစ်ကွက်တွေ ပြန်စိုက်ပါ့မယ်၊ သစ်တောတွေ ပြန်ထူထောင် ပါ့မယ် ကတိ ပြုကြပေမယ့် မစိုက်တဲ့ အပြင် လက်ကျန် အပင်ငယ်တွေ ပါ ခိုးခုတ် ပြီး ရောင်စား ကြတဲ့ အကြောင်း ဦးအုန်း က ပြောပါတယ်။

အခု တော့ သစ်တော ထိန်းသိမ်းရေး အတွက် ဆောင်ရွက်တာ ရှိပေမယ့် လိုအပ်ချက် အားလုံး ထည့်သွင်း စဉ်းစား တာမျိုး မရှိကြောင်း လဲ ဆိုပါတယ်။