ရာမူးပန်းဝါ ဘုန်းကြီးကျောင်းသစ် ပြန်တည်ဆောက်

  • 3 စက်တင်ဘာ 2013
_bbc_ramu
Image caption ကော့စ်ဘဇားခရိုင်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး ပန်းဝါ ဒေသမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ က မီးရှို ဖျက်ဆီး ခံရတဲ့ ဗုဒ္ဓ ဘာသာ ဘုန်းကြီး ကျောင်း ၁၉ ကျောင်း ကို တာကာငွေ ကုဋေ ၂၀ အကုန် အကျ ခံပြီး ၈ လ နဲ့ အပြီး တည်ဆောက် ပြီး မနေ့က ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ ကိုယ်တိုင် ဖွင့်လှစ် ပေးခဲ့ ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ က ဖွင့်ပွဲ အခန်းအနားမှာ ဗုဒ္ဒဘာသာ လူနည်းစု တွေ ကို အနိုင်မကျင့်ဖို့၊ မိမိက အနိုင်ကျင့်ရင် ကိုယ်ပါ လူနည်းစု ရှိတဲ့နေရာ ရောက်ရင် လူများစု က ပြန်လည် အနိုင်ကျင့်တာ ခံရတတ်တဲ့ အကြောင်း၊ ဘာသာပေါင်းစုံ အားလုံး ချစ်ချစ် ခင်ခင် နဲ့ သင့်မြတ်စွာ နေထိုင်ဖို့ လိုတယ်လို့ ပြောတဲ့ အကြောင်း ဒီဖွင့်ပွဲ အခန်းအနား ကို တက်ရောက်ခဲ့တဲ့ ရာမူးဒေသခံ ဦးကျော်ဇံ က ဘီဘီစီ ကို ပြောပါတယ်။

ရာမူးဘုန်းကြီးကျောင်း ဖွင့်ပွဲ အခန်းအနား ကို ဘာသာပေါင်းစုံက လူတွေ ထောင် နဲ့ ချီတက်ရောက် ကြတဲ့ အထဲမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အပါအဝင်၊ အစိုးရ ဝန်ကြီးတွေ၊ အမေရိကန်၊ အိန္ဒိယ၊ မြန်မာ စတဲ့ နိုင်ငံတကာ သံအမတ်ကြီးတွေ ပါ တက်ရောက် ကြပါတယ်။

ဒါ့အပြင် အစ္စလာမ် ဘာသာဝင် မဟုတ်တဲ့ လူနည်းစု လူမျိုးတွေ စိတ်ချ လုံခြုံရေး ရှိစေဖို့လည်း လုံခြုံရေး အင်အား တိုးချဲ့ ချပေးမယ် လို့ ဝန်ကြီးချုပ် ရှိတ် ဟာဆီးနာ က ပြောသလို စိုးရိမ်မှု ဆက်ရှိနိုင်ပုံ ကို လည်း နားလည်တဲ့ အကြောင်း ပြောတာကို ရာမူးဒေသခံ ဦးကျော်ဇံ က ဘီဘီစီ ကို ပြောပါတယ်။