သမ္မတ ဦးသိန်းစိန် ပြန်လည်ရောက်ရှိ

Image caption ယမန်နှစ်က နန်နင်း တရုတ်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲမှာ တွေ့ရစဉ်။

သမ္မတဦးသိန်းစိန်ဟာ နန်နင်းမြို့မှာ တရုတ်-အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို မနေ့က သွားရောက်ခဲ့ပြီး အခုအခါ မြန်မာ နိုင်ငံကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း တရုတ်အစိုးရနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ သဘောတူခဲ့တယ် ဆိုတာကို အခုချိန်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင် ထုတ်ယူရေးနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ အသုံးပြုဖို့ တရုတ်နိုင်ငံကနေ ဒေါ်လာ သန်း ၂၃၀၀ ချေးငွေ ရယူမယ့် အစီအစဉ်ရှိကြောင်း ဒီခရီးစဉ် မတိုင်ခင်လေးမှာ တရုတ်နိုင်ငံကလာတဲ့ သတင်းတွေက ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း တရုတ်၀န်ကြီးချုပ် လီကာကျန်း၊ တရုတ်နိုင်ငံခြားရေး၀န်ကြီး၊ တရုတ်စီးပွားရေး၀န်ကြီးနဲ့ ကွမ်ရှီးပြည်နယ်က တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။