ICRC ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်နေ

  • 5 စက်တင်ဘာ 2013
Image caption အိုင်ဒီအာစီ ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံရောက်

ICRC ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ကိုယ်စားလှယ်တွေဟာ မြန်မာ နိုင်ငံ အတွင်း ပဋိပက္ခ ဖြစ်ရာ နေရာ တွေက ဒုက္ခသည်တွေကို ဆေးဘက်ဆိုင်ရာ အကူအညီ တွေ ဘယ်လို ပေးနိုင် မလဲ ဆိုတာ အကဲဖြတ်နိုင်ဖို့ မြန်မာ နိုင်ငံကို ဒုတိယ အကြိမ် အဖြစ် ရောက်ရှိ နေကြပါတယ်။

ICRC ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ကိုယ်စားလှယ်တွေဟာ လောလောဆယ် ကချင် ပြည်နယ် အတွင်းမှာ ရောက်နေပြီး ဒုက္ခသည် စခန်းတွေက လူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အဓိက လိုအပ်ချက်တွေကို သိရအောင် လေ့လာ နေကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာ ပေါ်က လက်နက်ကိုင် တိုက်ခိုက်မှုတွေရှိတဲ့ ပဋိပက္ခ နယ်မြေတွေမှာ အကူ အညီတွေ ပေးနိုင်ဖို့ ICRC က ခံယူ ထားတဲ့ အတိုင်း မြန်မာ နိုင်ငံ မှာလည်း ဆောင်ရွက်နေတယ်၊ လာမယ့် လကနေ ၂၀၁၄ ခုနှစ် အထိ တိုးမြှင့် အကူ အညီပေးနိုင်ရေး ဆောင်ရွက် နေတယ်လို့ ICRC အာရှနဲ့ ပစိဖိတ် ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Ewan Watson က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိုင်စီအာစီ အဖွဲ့ ကချင်ပြည်နယ်ကို သွားရောက်ပြီး ဒေသခံတွေ ဘာအကူ အညီတွေ လိုအပ်မယ် ဆိုတာ အကဲဖြတ် လေ့လာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အစိုးရ ဆေးရုံတွေကိုရော အတိုက်အခံ ထိန်းချုပ်တဲ့ နယ်မြေတွေ က ဆေးရုံ ဆေးခန်းတွေ ကိုပါသွားရောက်ပြီး လေ့လာခဲ့ပြီး ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာရသူ တွေ အဓိက ဘာလိုအပ်တယ် ဆိုတာ သေသေချာချာ သိအောင် လေ့လာခဲ့တယ် ၊ ဒါမှသာ နှစ်ပေါင်းများစွာ ပဋိပက္ခတွေ ကြား ဒုက္ခရောက်ခဲ့ကြရသူ တွေကို ကူညီနိုင်မှာပါ လို့ Ewan Watson က ပြောပါတယ်။

အိုင်စီအာစီက ရေရှည် ဆောင်ရွက်မယ့် အကူအညီပေးရေး လုပ်ငန်း ရဲ့ တစိတ်တပိုင်း အဖြစ် မြန်မာ နိုင်ငံ မြောက်ပိုင်းက လူတွေ အတွက် ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေ ပေးအပ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ရအောင် ဆောင်ရွက်ပေးနေပါတယ် လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ အခု ချိန်အထိ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အကူအညီတွေ အမျိုးမျိုး ပေးခဲ့ပြီး လက်ရှိ အနေအထားမှာ ဒေသတွင်းက ကျန်းမာရေး ဝန်ထမ်းတွေ ဆေးဝါး ကုသမှု အတွက် အထောက်အကူပြု ပစ္စည်းတွေ ကို ဘယ်လို သုံးနေတယ်၊ ဘာတွေ လိုတယ် ဆိုတာ မေးမြန်း ဆွေးနွေး ပြီး လိုအပ်သလို အကူအညီပေးနေတယ် လို့လည်း သူက ပြောပါတယ်။

လိုင်ဇာမြို့က ဆေးရုံက ဆရာဝန်လည်းဖြစ်၊ ဒုက္ခသည် စခန်း က ဆေးခန်းမှာလည်း ဆေးဝါး ကုသမှု ပေးနေတဲ့ ဆရာဝန် ဒေါက်တာ ဟွန်ဝမ်က ကတော့ အိုင်စီ အာစီ ရဲ့ ကူညီပေးမှုတွေ နှေးကွေး တယ်လို့ ထောက်ပြပြီး အိုင်စီအာစီ အဖွဲ့ ဖေဖော်ဝါရီလက လာတုန်းက သူတို့ လိုအပ်ချက်တွေကို ပြောခဲ့ပေမဲ့ သူတို့ လိုအပ်သလောက်တော့ အကူအညီမရသေးဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမှာ ဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်ဖို့ ဆရာဝန် ဆရာမ အင်အားက လုံလောက်ပေမဲ့ ငွေကြေးနဲ့ ကလေးတွေ အတွက် ဆေးဝါး ကတော့ အရေး တကြီး လိုအပ်နေတယ်လို့ ဒေါက်တာ ဟွန်ဝမ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ