မြန်မာတွေကို စိစစ်ပြီး ပြန်ခေါ်မယ်

  • 4 စက်တင်ဘာ 2013
Image caption အခုအချိန်ထိ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်ရှိ

မလေးရှားမှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားစီစစ်ပြီး ပြန်ခေါ်မယ်လို့ သမ္မတရဲ႕ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်က သူ့ရဲ့ ဖေ့တ်စ်ဘုတ်ခ်မှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရ ကိုယ်စားပြု ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ နောက်အပတ် တနင်္လာနေ့မှာ မလေးရှားနိုင်ငံကို ရောက်လာပြီး မလေးရှားအစိုးရနဲ့ ဆွေးနွေးတိုင်ပင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားတွေကို အလွယ်ကူဆုံးလမ်းကြောင်းနဲ့ ပြန်ခေါ်နိုင်ဖို့က ဆွေးနွေးတဲ့ ရလဒ်အပေါ် မူတည်ပါမယ်လို့ သိရပါတယ်။

မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးစိုးဝင်းက ပြောရာမှာ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ အဖမ်းခံရသူတွေကို ပြန်ခေါ်နိုင်ဖို့နဲ့ တရားမဝင် အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်ခိုင်းပြီး မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ဆောင်နိုင်ဖို့ကိုလည်း မလေးရှားအစိုးရနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

မလေးရှားမှာ တရားမဝင် အလုပ်သမားတွေကို အခုလ ၁ ရက်နေ့ကစပြီး ၃ လဖမ်းဆီးမယ်လို့ မလေးရှားအစိုးရက ကြေညာထားတာဖြစ်ပြီး အခုအချိန်အထိ အဖမ်ခံရတဲ့ နိုင်ငံခြားသား ၂၅ဝဝ လောက်မှာ မနေ့ကအထိ မြန်မာနိုင်ငံသား ၅ဝဝ ကျော် အဖမ်းခံထားရပါတယ်။