ကတိဖျက်တဲ့ စည်ပင်နဲ့ ဆန္ဒပြ စျေးသူစျေးသားတွေ

  • 6 စက်တင်ဘာ 2013
Image caption မြေနီကုန်း စျေးတနေရာက မြင်ကွင်း

ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာ တည်ရှိခဲ့တဲ့ မြေနီကုန်းဈေးကို အစိုးရက အသစ် ပြန်ဆောက် ပေးမယ်ဆိုပြီး ကတိ ပေးထားတဲ့ အတိုင်း ဆောင်ရွက်ပေးဖို့ ဈေးသူဈေးသားတွေက သောကြာနေ့က အဲဒီနေရာကို သွားပြီး ဆန္ဒပြခဲ့ပါတယ်။

မြေနီကုန်းဈေးကို ၁၉၉၅ ခုနှစ်မတ်လမှာ ဖယ်ခိုင်းခဲ့စဉ်တုန်းက မကြာခင် အဲဒီနေရာမှာဘဲ ဈေးသစ် ပြန်ဆောက်ပေးပါမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က၊ ကတိပေးခဲ့ကြောင်း ဈေးသူဈေးသား တွေကဆိုပါတယ်။

အဲဒီကတိနဲ့အတူ ဆိုင်ခန်း ၁၈၀ကျော်ကို သံလွင်လမ်းမှာ ယာယီဈေးအဖြစ်နဲ့ ပြောင်းရွှေ့ပေးခဲ့ပြီး အခုအချိန် အထိ ဘာမှမထူးခြားတဲ့အပြင်၊ မူလဈေးရှိခဲ့တဲ့မြေကို ထူးကုမ္ပဏီကို ရောင်းချခဲ့တဲ့ အထောက်အထားတွေ တွေ့လာရကြောင်း သူတို့က ပြောပါတယ်။

သူတို့ဖက်က နစ်နာမှုရှိတယ်ဆိုပြီး တိုင်ကြားချက်တွေကိုလည်း အစိုးရဖက်က ဘာမှ အရေးယူတာ မရှိတဲ့အတွက် ဆန္ဒပြရတာ ဖြစ်တယ်လို့ ဒီဆန္ဒပြမှုမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါ်မြမြက ပြောပါတယ်။ ဒီကိစ္စကို အမျိုးသားလွှတ်တော်မှာ တင်ပြပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ကတော့ အစိုးရအနေနဲ့ ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံပြီး အကြေအလည် ညှိနှိုင်း ဖြေရှင်း နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ခုရက်ပိုင်းအတွင်းမှာတော့ ယာယီရွှေ့ပြောင်း ပေးထားတယ်ဆိုတဲ့ သံလွင်လမ်းက ဈေးမှာ မကြုံစဖူး သန့်ရှင်းရေးတွေ၊ ပြင်ဆင်မှု လုပ်တာတွေကို တွေ့ရပြီး ဒီလ ၁၅ ရက်နေ့မတိုင်ခင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် သို့မဟုတ် ၀န်ကြီးအဆင့် ပုဂ္ဂိုလ် တဦးဦး လာမယ်လို့ ဈေးခေါင်းက ပြောပေမယ့် ဘယ်သူလာမယ်ဆိုတာကို တိတိကျကျ မသိရသလို သူတို့ဖက်က အမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောခွင့်ရမှာ မဟုတ်ဘူးလို့ စိုးရိမ်တဲ့အတွက် မြို့နယ် ရဲတပ်ဖွဲ့ထံ ခွင့်ပြုချက် တောင်းပြီး ဆန္ဒပြရတာ ဖြစ်ကြောင်း ဒေါ်မြမြက ဆိုခဲ့ပါတယ်။