စာနယ်ဇင်းကောင်စီ သမ္မတ အလှူငွေ လက်ခံ

_burma_press
Image caption အလှူငွေကြောင့် ပွင့်လင်းစွာ မရေးကြမှာကို စိုးရိမ်မှုတွေ ရှိနေ

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)ကို သမ္မတ ဦးသိန်းစိန်က မနေ့က ကျပ်သိန်း ၅၀၀ လှူဒါန်းလိုက်ကြောင်း အကြောင်းကြားခဲ့ကာ ဒီနေ့တော့ လက်ခံရရှိပါတယ်။

ဒီလို ငွေတွေက ဘယ်ကနေ ရရှိပြီး လှူဒါန်းကာ ဘယ်လို အကြောင်း အချက်တွေကြောင့် လက်ခံ ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေကို ဆက်သွယ် မေးကြည့်တော့ အစိုးရ ရဲ့ သမ္မတရုံး ဘတ်ဂျက်ကလို့ နားလည် ထားတဲ့ အကြောင်း ပြောပါတယ်။ သမ္မတက နှောင်ကြိုးမဲ့ လှူနိုင်မယ့် နည်းလမ်း ရှာပြီးမှ လှူဒါန်းတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို သမ္မတ ဆီက အလှူငွေကို လက်ခံ ခဲ့တာကြောင့် နောင်မှာ သမ္မတကို ပဲဖြစ်ဖြစ်၊ အစိုးရ ကိုပဲဖြစ်ဖြစ် ဝေဖန် ပြောဆို ရေးသား စရာ ရှိလာရင် တွန့်ဆုတ်မှုတွေ ရှိလာနိုင်မလား ဆိုပြီး စိုးရိမ် နေကြတာ တွေနဲ့ ပတ်သက်လို့ အဲဒီလိုမျိုး ဖြစ်လာနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

အကြောင်းကတော့ စာနယ်ဇင်း ကောင်စီက သူ့အလုပ် သူလုပ် နေတာပဲ ဖြစ်ကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေ ထဲကနေ ပြည်သူ့ အကျိုး၊ နိုင်ငံအကျိုးနဲ့ မီဒီယာ လောက အကျိုးကို လုပ်တဲ့ အတွက် ဘာမှ ပြဿနာ မရှိနိုင်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး နိုင်ငံတကာက စာနယ်ဇင်း ကောင်စီတွေမှာလည်း ဒီလိုပဲ ဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်းတွေမှာ လှူဒါန်းငွေတွေ ကိုလက်ခံ ရယူမှုနဲ့ ဆိုင်တဲ့ မူရှိသလို မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီရဲ့ ဖွဲ့စည်းပုံ ဥပဒေမှာလည်း ရန်ပုံငွေ လက်ခံမှုနဲ့ ပတ်သက်လို့ အသေးစိတ် ရေးသားထားကြောင်း၊ လွှတ်တော်ရဲ့ ဘတ်ဂျက် ခွဲဝေမှုနဲ့ ရန်ပုံငွေ ထူထောင်ဖို့ ရေးဆွဲ ထားတဲ့ အကြောင်း၊ အဲဒီ ဥပဒေ အသက်မဝင် သေးတဲ့ အတွက် အစိုးရ ဘတ်ဂျက်ကို ခဏယူသုံး တာမျိုး ဖြစ်ကြောင်း ပြောပါတယ်။

အခုလို အလှူငွေ လက်ခံမှုနဲ့ ပတ်သက်လို့ စာနယ်ဇင်း ကောင်စီ အစည်းအဝေးကို ခေါ်ခဲ့တုန်းကတော့ ကုန့်ကွက် ခဲ့သူ မရှိပေမယ့် အခုတော့ အမြင်မတူတဲ့ သူတယောက်ရှိ တယ်လို့ ဆိုပါတယ်။ သူကတော့ လွတ်လပ်ခွင့်နဲ့ အမှီအခို ကင်းစွာ ရပ်တည် နိုင်မှုကို ထိခိုင်နိုင်တယ်လို့ ယူဆလို့ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ