RNDP နဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပေါင်းစည်းရေး စည်းဝေး

  • 8 စက်တင်ဘာ 2013
Image caption RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နှစ်ပါတီ တစ်ပါတီ အဖြစ် ပေါင်းစည်းရေး ကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေးကို စစ်တွေ ပါတီ ဗဟို ဌာနချုပ်မှာ စက်တင်ဘာ ၇ ရက်နေ့ကနေ ၈ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။

ဗဟို ကော်မီတီ၀င် ၄၀ ကျော် တက်ရောက်ခဲ့တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ အခု အစည်းအဝေး ကနေ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တချို့ ထွက်လာတာကို တွေ့ရပါတယ်။

အဲဒီအထဲက အရေးကြီးဆုံးက ဆုံးဖြတ်ချက်ကတော့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တစ်ပါတီ အဖြစ် ပေါင်းစည်းတဲ့အခါ ထည့်သွင်းရမယ့် ကိုယ်စားလှယ် စာရင်းဘဲ ဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ဗဟို ကော်မီတီ၀င် ဦးစံကျော်လှက ပြောပါတယ်။

အခု ရွှေးချယ်လိုက်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကိုယ်စားလှယ် ၁၅ ဦးနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၁၅ ဦးတို့ဟာ ဒီလ ၂၅ ရက်နေ့မှာ စစ်တွေမှာ ထပ်မံ တွေ့ဆုံကြပြီးတော့ ပါတီ ပေါင်းစည်းရေး ကိစ္စတွေကို ဆောင်ရွက်ကြမယ်လို့ သိရပါတယ်။

အဲသလို ဆောင်ရွက်တဲ့ နေရာမှာ ရွှေးကောက်ပွဲ ကော်မရှင်မှာ အသစ်ဖြစ်လာမယ့် ရခိုင်အမျိုးသား ပါတီ ကို မှတ်ပုံတင်ကြမှာ ဖြစ်သလို မှတ်ပုံတင်ပြီးတဲ့ နောက်မှာလည်း ပါတီတွေကို ဖျက်သိမ်းရေးကို လုပ်ထုံး လုပ်နည်းတွေ နဲ့ အညီ အဆင့်ဆင့် ဆောင်ရွက်ကြမယ်လို့ ဆိုပါတယ်။

ခုပါတီ ပေါင်းစည်းရေး ဟာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့ အတွက် ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ များမကြာမီ ပြည့်မြောက်တော့မယ်လို့ သူက ဆိုပါတယ်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီ တို့ဟာ ၁၉၉၀ ခုနှစ် နဲ့ ၂၀၁၀ ရွှေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ်အတွင်း အသီးသီး အနိုင်ရရှိထားတဲ့ ပါတီတွေ ဖြစ်တာကြောင့် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သီးခြားစီ ပါ၀င် ယှဉ်ပြိုင်ရင် ပြည်မက ပါတီ တွေကို ရှုံးနိမ့်နိုင်တာကြောင့် ရခိုင်ပြည်သူတွေက ပေါင်းစည်းဖို့ တိုက်တွန်းရာကနေ အခုအခါမှာတော့ တစ်ပါတီ ဖြစ်မြောက်ရေးဟာ နောက်ဆုံး အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ