ထိုင်းနိုင်ငံရောက် သက်တမ်းကုန် မြန်မာ အလုပ်သမားတွေ အလုပ်လုပ်ခွင့်ဆက်ရ

  • 5 စက်တင်ဘာ 2013
Image caption ထိုင်းမှာ တရားဝင် လုပ်ကိုင်နေသူ မြန်မာ ၂ သန်းနီးပါးရှိ

ထိုင်းနိုင်ငံမှာ ပထမ အုပ်စုအနေနဲ့ အလုပ်လုပ်ခွင့် ၄ နှစ် သက်တမ်းပြည့်သွားတဲ့ မြန်မာအလုပ်သမား ၂ သိန်းခွဲလောက်ဟာ အခုအခါ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ဆက်ရသွားပြီဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အရာရှိတွေ ဘန်ကောက်မြို့မှာ ဆွေးနွေးပြီး သဘောတူခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေချာ ဖလုဖတ်နာရတ်ခ်က ရှင်းပြရာမှာ ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေဟာ နယ်စပ်ကနေ အထွက်ပြရမှာ ဖြစ်ပြီး ချက်ချင်း ပြန်ဝင် လာကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့နဲ့ အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ဖို့တွေကို နယ်စပ်မှာပဲ နေ့ချင်းပြီး လုပ်ပေးမှာဖြစ်လို့ အဆင်ပြေမှာဖြစ်ကြောင်း ရှင်းပြပါတယ်။

သွားရမယ့် နယ်စပ်ဂိတ်တွေက တာချီလိတ်၊ မြဝတီ၊ ထီးခီးနဲ့ ကော့သောင် နယ်စပ်ဂိတ်တွေဖြစ်ပြီး၊ နယ်စပ်မှာ ရုံးဖွင့်ပြီး လုပ်ဖို့လိုတာကြောင့် နောက်ရက် အနည်းငယ်အတွင်းမှာ စတင် လုပ်ဆောင်နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းရှိနေသူတွေကတော့ စာအုပ်အသစ် လုပ်စရာမလိုဘဲ စာအုပ်သက်တမ်း ကုန်မယ့်သူမှသာ စာအုပ်အသစ် လုပ်ရမှာဖြစ်ကြောင်း၊ ပြည်ဝင်ခွင့် ဗီဇာက ၂ နှစ်တစ်ကြိမ် ဖြစ်ပြီး အားလုံး ၄ နှစ်ဆက်တိုက် အလုပ်လုပ်ခွင့်ရမှာဖြစ်ကြောင်း၊ ကုန်ကျစရိတ်ကတော့ ယခင်အတိုင်း ကုန်ကျမှာဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေချာဖလုဖတ်နာရတ်ခ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ်နဲ့ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂ သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။ အလုပ်လုပ်ခွင့် ၄ နှစ် သက်တမ်းပြည့်သွားတဲ့ မြန်မာအလုပ်သမားက ၂ သိန်းခွဲလောက်ရှိပြီးတော့ ဒါဟာ ပထမအသုတ်အနေနဲ့ သဘောတူညီချက်ရတာဖြစ်လို့ နောက်ထပ် သက်တမ်းကုန်မယ့် မြန်မာအလုပ်သမားတွေအတွက်ပါ အဆင်ပြေစေမယ့် အလားအလာဖြစ်တယ်လို့ သိရပါတယ်။