မွန် နှီးနှောဖလှယ်ပွဲကို ပြည်တွင်းမှာ ကျင်းပဖို့ ရှိ

  • 10 စက်တင်ဘာ 2013
Image caption မွန်ပြည်သစ် ပါတီနဲ့ အစိုးရကြား အပစ်ရပ်ရေး လက်မှတ် ထိုးထားပေမယ့် ထာဝရ ငြိမ်းချမ်းရေး ရဖို့ လိုအပ်

မွန်အမျိုးသားတွေရဲ့အရေး ညှိနှိုင်း ဆွေးနွေးမယ့် မွန်အမျိုးသား နှီးနှောဖလှယ်ပွဲ ညီလာခံတခုကို လာမယ့် စက်တင်ဘာလ ၂၈ရက်နေ့ကနေ ၃၀ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ ရှိပါတယ်။

ဒါဟာ မွန်နိုင်ငံရေး ပါတီတွေ၊ ပြည်ပရောက် မွန်အဖွဲ့အစည်းတွေနဲ့ ဒေသခံ မွန်လူမျိုးတွေ ပါဝင်တဲ့ မွန်ညီလာခံတခုကို မြန်မာပြည်တွင်းမှာ ပထမဆုံး အကြိမ် ကျင်းပမှာလည်း ဖြစ်ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲကို မွန်ပြည်သစ် ပါတီ၊ မွန်ဒီမိုကရေစီ ပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့က ဦးဆောင် ကျင်းပမှာ ဖြစ်ပါတယ်။

၃ရက်ကြာ ကျင်းပမယ့် ဒီနှီးနှောဖလှယ်ပွဲဟာ မွန်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ မွန်အမျိုးသား ညီလာခံကြီး တရပ်ကို ကျင်းပနိုင်ဖို့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌ မွန်ဒီမိုကရေစီပါတီ တွဲဘက် အတွင်းရေးမှူး ဦးကြည်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။

မွန်ဒေသတွင်း ထာဝရ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ရာမှာ ဒေသခံ မွန်လူမျိုးတွေအနေနဲ့ ဘယ်လို အခန်း ကဏ္ဍကနေ တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်သွားနိုင်မလဲ ဆိုတာကိုရော၊ လက်ရှိ မွန်ပြည်သစ် ပါတီနဲ့ မြန်မာ အစိုးရအကြား သဘောတူ လက်မှတ် ရေးထိုးထားတဲ့ အပစ်ရပ်ရေး အပေါ် ဒေသခံ မွန်လူမျိုးတွေရဲ့ သဘောထားကိုပါ ဒီနှီးနှောဖလှယ်ပွဲ မှာ ဖေါ်ထုတ် ဆွေးနွေးကြမယ်လို့ သူက ပြောပါတယ်။